By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာသော ရဲသုံးပွင့်ဗိုလ်နှင့်တပ်သားတို့ကို PDF များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံးသေဆုံးပြီး MA – 3 သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာ ခုနှစ်ရက်)၊ နံနက် ခြောက်နာရီကျော်တွင် မြိုင်မြို့မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာသော ရဲအရာရှိနှင့် ရဲတပ်သားကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက ယနေ့မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ တိုက်ခိုက်မှုက မြို့ထဲမှာဖြစ်တာ။ သူတို့က မြို့ပြင်ဂိတ်ကနေ မြို့ထဲကို ဝင်လာပြီး ဈေးဝယ်တာကို ကျတော်တို့က သတင်းရလို့ သွားစောင့်တာ။ သူတို့က ဆိုင်ကယ်နဲ့ဆိုတော့ ပြန်ခံပစ်နိုင်တာမျိုးမရှိဘူး” ဟု မြိုင်ပကဖ တပ်ရင်း တစ်၊ တပ်ခွဲသုံး မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် မြိုင်မြို့ စစ်ကောင်စီအထိုင်ချဂိတ်များမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
“ အလောင်းတွေတော့ ခုထိ ပြန်မကောက်သေးဘူး။ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာတော့ စစ်ကောင်စီတပ်သားတွေရောက်နေတယ်” ဟု ယနေ့မွန်းလွဲ နှစ်နာရီခန့်တွင် ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖတပ်ရင်းတစ်၊ ခွဲ သုံး နှင့် Joker ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိုင်ပကဖသည် မြိုင်မြို့နယ်နှင့် မြိုင်မြို့ပေါ်နယ်မြေအချို့ကို စိုးမိုးထားပြီး ရိက္ခာဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
ရဲနှစ်ဦး သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


