By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီက ၎င်းတို့ သင်တန်းပေးထားသည့် ပြည်သူ့လုံခြုံရေးသင်တန်းဆင်းများ ထောက်ပံ့ကြေးမရသဖြင့် မကျေမနပ်ဖြစ်နေကြကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးသင်တန်းသားများ စတင်ခေါ်ယူစဉ်က သင်တန်းတက်ရောက်သူများကို တစ်ရက်လျင် ကျပ် ၆၈၀၀ နှုန်းနှင့် ရိက္ခာပေးမည့်အပြင် သေနတ်လည်း ထုတ်ပေးမည်ဟု ဆိုခဲ့သော်လည်း ထောက်ပံ့ကြေးနှင့် သေနတ်မရသည့်အတွက် ပြည်သူ့စစ်အချို့ နှုတ်ထွက်ရန် ပြင်ဆင်မှုများရှိနေကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရိက္ခာနည်းနည်းပေးတာပဲရှိတယ်။ ထောက်ပံ့ကြေးနဲ့ သေနတ်မပေးဘူး။ အဲ့ဒါကြောင့် တချို့က ယူနီ ဖောင်းပြန်အပ်တော့မယ်ဆိုပြီး လုပ်တယ်။ တချို့လည်း မလုပ်နိုင်ဘူး၊ ထွက်မယ်ပေါ့။ အခုနောက်ဆုံး ကြားတဲ့သတင်းက သူတို့ကိုပေးမယ့် ထောက်ပံ့ကြေးတွေကို အာဏာပိုင်တွေက ယူလိုက်တယ်လို့ ကြားရတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ပြည်သူ့လုံခြုံရေးသင်တန်းဆင်း ၄၇ ဦးအတွက် ထောက်ပံ့ငွေများကို ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းနှင့်ချောင်းဆုံစစ်တပ်တာဝန်ရှိသူတို့က သုံးစွဲလိုက်သည်ဟု သတင်းထွက် ပေါ်နေကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ချောင်းဆုံမြို့နယ်အတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် ပြည်သူ့လုံခြုံရေးသင်တန်းဆင်း ၄၇ ဦးအနက် ၈၀ရာခိုင်နှုန်းခန့်မှာ ရပ်ရွာအတွင်း သောက်စားမူးယစ် နေသူများဖြစ်ပြီး ၂၀ရာခိုင်နှုန်းခန့်မှာ အရံမီးသတ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်တို့ဖြစ်ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆက်လက်ရှင်းပြသည်။
“အဲဒီသင်တန်းဆင်းအကုန်လုံးက ရပ်ထဲရွာထဲ မူးရူးနေတဲ့သူတွေနဲ့ အသိဉာဏ်မပြည့်တဲ့သူတွေ ချည်းပဲ။ ရွာအုပ်ကြီးတွေကလည်း သင်တန်းတက်မဲ့သူမရှိလို့ ကျပ်မပြည့်တဲ့သူတွေ ထိုးထည့် လိုက်တာ၊ သူတို့တွေက ပိုက်ဆံရမယ်၊သေနတ်ကိုင်ရမယ်ဆိုပြီး ပျော်ပြီးသွားတက်တာ” ဟု ချောင်းဆုံမြို့နယ်၊ သက္ကောရွာသားတစ်ဦးကပြောသည်။
ယင်းသို့သော အခြေအနေများကြောင့် ပြည်သူ့လုံခြုံရေးသင်တန်းဆင်းများကို သေနတ်ပေးထား၍ မဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
“သေချာတာကတော့ ကျတော်တို့ ချောင်းဆုံက ပြည်သူ့လုံခြုံရေးသင်တန်းဆိုတာ မအောင်မြင်ပါဘူး။ အထက်ကခိုင်းလို့ သင်တန်းဖွင့်တာဆိုတော့ မအောင်မြင်လို့လည်း ဘာမှတော့ မဖြစ်ပါဘူး” ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ဆိုသည်။
ယခုအခါ ပြည်သူ့လုံခြုံရေးသင်တန်းဆင်းအချို့ကို ဧည့်စာရင်းစစ်ခြင်းနှင့် ကင်းစောင့်ခြင်းတို့ လုပ်ခိုင်းထားသည်ကို တွေ့ရကြောင်း ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးရွာနေ ပြည်သူတစ်ဦးက ပြောသည်။
“တချို့တွေကလည်း ယူနီဖောင်းတကားကားလုပ်နေရရင်ကို ပျော်နေတာ၊ သူတို့ယူနီဖောင်းက စစ်သားယူနီဖောင်းပဲ၊လက်မောင်းဘက်တံဆိပ်ကတော့ ပသစ(ပြည်သူ့စစ်)လို့ ပါတယ်”ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း ပြည်သူ့လုံခြုံရေးသင်တန်းကို စက်တင်ဘာ ပထမပတ်မှစတင်ကာ ချောင်းဆုံမြို့၊ ဘုရားကြီးကုန်းအထွက်ရှိ လေ့ကျင့်ရေးတပ်တွင် တစ်လကြာ သင်တန်းပေးခဲ့ခြင်းလည်းဖြစ်သည်။
“ချောင်းဆုံသတင်းတွေက မီဒီယာတွေမှာ အမြဲပါနေတယ်။ အဲ့ဒါကြောင့် သင်တန်းခိုးဖွင့်တာလို့ အုပ် ကြီးတစ်ယောက်ပြောတယ်”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ဆိုသည်။
ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၇စု ရှိပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုတစ်စုလျှင် တစ်ယောက်နှုန်းဖြင့် ပြည်သူ့လုံခြုံရေးသင်တန်းတက်ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်၁၆ရက်တွင် စစ်ကောင်စီက ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက် နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခဲ့ပြီး အသက်၃၅နှစ်မှ ၆၅နှစ်အထိ အမျိုးသားများ ပြည်သူ့စစ်သင်တန်းတက် ရောက်ကာ ရပ်ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များတွင် ပါဝင်ရမည်ဟု ကြေညာခဲ့သည်။