By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ရေးအရှိန်မြှင့်ရန် သင်တန်းသားအသစ်များ ခေါ်ယူနေကြောင်း ရေစကြိုမြို့နယ်ပကဖ၊တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းသင်တန်းကို အသက် ၁၈နှစ်မှ ၄၅နှစ်ကြား ကျန်းမာသန်စွမ်းသည့် ကျား၊မ မရွေးတက်ရောက် နိုင်ပြီး သင်တန်းကာလအတွင်း ချမှတ်ထားသည့် စည်းကမ်းများလိုက်နာနိုင်သူနှင့် သင်တန်းကာလ ပြီးဆုံးသည့်တိုင် တက်ရောက်နိုင်သူများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ်ပကဖက နိုဝင်ဘာ ခြောက်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“ ကျတော်တို့ စစ်ရေးအရှိန်မြှင့်မယ်ဗျ။ တော်လှန်ရေးမှာ ကျတော်တို့ အရွေ့တစ်ခုနဲ့ ဆက်လက် တွန်းလှန်နိုင်ဖို့ ရည်ရွယ်ပြီးခေါ်ယူရခြင်းဖြစ်ပါတယ်” ဟု ရေစကြိုမြို့နယ်ပကဖ၊သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
သင်တန်းကာလသည် ခြောက်လကြာမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည့် PDFရဲဘော်အသစ် စုစုပေါင်း ၏ ၇၅ရာခိုင်နှုန်းခန့်ကို လက်နက်တပ်ဆင်ပေးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
စစ်သင်တန်းအတွက် လူဦးရေကန့်သတ်ထားခြင်းမျိုးမရှိဘဲ တော်လှန်လိုစိတ်ရှိသည့် မည်သည့်ဒေသကမဆို ခေါ်ယူသွားမည်ဟု ၎င်းကပြောသည်။
စစ်သင်တန်းပြီးလျှင် သုံးလအနည်းဆုံးတာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန်ပေးအပ်သည့် ရေစကြိုမြို့နယ်ထဲရှိ မည်သည့်တပ်ခွဲတွင်မဆို တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရေစကြိုမြို့နယ်ပကဖ Facebook မှတဆင့် နိုဝင်ဘာ ၁၁ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။