By Jar Seng / MPA
စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမီးသမဂ္ဂ(BWU) ၏ ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံတစ်ဝန်း အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာသို့ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့မှုကြောင့် စက်တင်ဘာလအတွင်း သေဆုံးခဲ့သည့် အမျိုးသမီး ၆၃ ဦးရှိခဲ့ပြီး အောက်တို ဘာလအတွင် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးများအနက် စစ်ကိုင်းတိုင်းတွင် ၂၅ဦးဖြင့် အများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်တွင် ၂၂ ဦးဖြင့် ဒုတိယအများဆုံး သေဆုံးမှုများရှိခဲ့သည်။
“ရခိုင်အမျိုးသမီးငယ်တစ်ဦးအနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် လုံးဝရှုတ်ချပါတယ်။ မတရားအသက်ဆုံးရှုံးလိုက်ရတဲ့သူတွေနဲ့ မိသားစုဝင်တွေအတွက် ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို လုပ်ရပ်တွေအတွက် တစ်ချိန်ကျရင် တာဝန်ပြန်ယူရပါလိမ့်မယ်” ဟု မြေပုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူ ရခိုင့်အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခဲ့ပြီး ဂျက်ဖိုက်တာ လေယာဉ်များဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ရှိ အမျိုးသမီး ၂၂ဦးသေဆုံးခဲ့ရခြင်းဖြစ်ကာ ယင်းကိစ္စအတွက် စစ်ကောင်စီက တာဝန်ယူသွားရမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုကာလအတွင်း မြန်မာနိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များသည် စစ်ဘေး၊ သဘာ၀ဘေးဒဏ်များကို ခံစားရပြီး ယင်းတို့အနက် အမျိုးသမီးနှင့် ကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများရှိနေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီမှုများ လုပ်ဆောင်ပေးရန် တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ဆိုသည်။
“လက်နက်ကြီးကြောင့်သော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရပြီးတော့သော်လည်းကောင်း ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေ၊ အသတ်ခံရတာ၊ သေဆုံးရတာဟာ အင်မတန် ရင်နာစရာကောင်းပါတယ်။ အဲ့ဒါကြောင့် ကျမတို့ တော်လှန်းရေးအင်အားစုတွေအနေနဲ့ အခက်အခဲတွေကိုယ်စီရှိကြပေမဲ့ အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတွေ ဖန်တီးထားကြဖို့လုပ်အပ်ပါတယ် ” ဟု လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) မှ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်တပ်သည် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများမှ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်သည့်အပြင် အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများနှင့် စစ်ဆေးရေးဂိတ်များတွင်ပါ ယင်းကဲ့သို့ လုပ်ဆောင်မှုများလည်း ရှိနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။
လက်ရှိ စစ်ကောင်စီသည် တိုင်းပြည်အာဏာသိမ်းယူထားသည်မှာ သုံးနှစ်ကျော်ကာလရော်ရှိလာပြီဖြစ်ပြီး ၎င်းတို့အာဏာသိမ်းထားသည့် ကာလတလျှောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိနေပေသည်။
ယင်းအပြင် လိင်အကြိမ်းခံရသူများသည်လည်း ၎င်းတို့ မိသားစု လုံခြုံရေးများကြောင့် ထုတ်ဖော်ပြောဆိုမှု မပြုလုပ်ရဲခြင်းများရှိနေသည့်အတွက် တော်လှန်ရေးကာလအတွင်း စိတ်ဒဏ်ရာရရှိနေသည့် အမျိုးသမီးများကို NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ကူညီမှုများလုပ်ဆောင်ပေးရန် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများက တောင်းဆိုကြသည်။
“အခုလက်ရှိ ကျမတို့တွေအနေနဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ကူညီလုပ်ဆောင်ပေးနေတာတွေရှိတယ်။ ဒါပေမဲ့ ဒီအရာတွေနဲ့ ပတ်သက်ပြီး NUG အပါအဝင် ကျမတို့ အမျိုးသမီးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ ပေါင်းပြီး အင်တိုက်အားတိုက်လုပ်ဆောင်ပေးကြဖို့လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီးစုစုပေါင်း ၅,၇၃၁ ဦးနှင့်၊ စုစုပေါင်း အသက်သေဆုံးခဲ့ရသူအမျိုးသမီး ၁,၂၆၄ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးကူညီစောင့်ရှောက်ရေးများအသင်း (AAPP)၏ အောက်တိုဘာ ခြောက်ရက်နေ့ ထုတ်ပြန်ချက် အရသိရသည်။