By Ko Paing / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊မော်လူးမြို့ ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံနှစ် လုံးပျက်စီးသွားကြောင်းသိရသည်။
နိုဝင်ဘာငါးရက်၊ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်တွင် မော်လူးမြို့ဆေးရုံကို လေယာဥ်ဖြင့် ဗုံးသီး နှစ်လုံးကြဲချရာ တစ်လုံးသာပေါက်ကွဲခဲ့ကြောင်း မော်လူးမြို့ခံတစ်ဦးထံက သိရသည်။
“မော်လူးဆေးရုံကို လေကြောင်းတိုက်ခိုက်တာက စစ်တပ်က သတင်းအမှားရတာနေမယ်။အင်းတော်တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ရဲဘော်တွေကို မော်လူးဆေးရုံမှာ ကုတယ်လို့ ထင်ပြီး ဗုံးကြဲတာဖြစ်မယ်။တကယ်တော့ မော်လူးဆေးရုံမှာ ဘယ်သူမှ မရှိဘူး” ဟု ၎င်း က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင်း ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိကြောင်းသိရသည်။
“ဆေးရုံက မြို့ထဲပိုင်းမှာ ရှိတာ။ဆေးရုံနားမှာက ညစျေးတန်းရှိတယ်။ကံကောင်းလို့ အကုန် မသေကုန်တာ။အခုလိုဖြစ်တော့ မြို့ခံတွေတော့ စိုးရိမ်ကုန်တာပေါ့”ဟု ၎င်းကဆက်လက် ပြောသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင် ၁၃ ရက်မှစတင်ကာ မော်လူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထား ခဲ့သည်။