By Maung Dagon / MPA
လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာယူထားသည့် စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ဘုရရင်ဝါဒကို အသက်သွင်းနေသူများဟု ထပ်မံ စွပ်စွဲပြောဆိုခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုအား ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ငါးရက်က တရုတ်နိုင်ငံတွင် ပြုလုပ်သည့် တရုတ်မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ခေါင်းဆောင်က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ( မူရင်း-သောင်းကျန်သူများ) သည် ယခင် အတိတ်ကာလများကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး လုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင် လုပ်ငန်းများ လုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒ အသက်သွင်းခဲ့သူများ ဖြစ်သည်ဟု စွပ်စွဲပြောဆိုထားခြင်းလည်းဖြစ်သည်။
ဆက်လက်ပြီး ၄င်းက ယခုအချိန်တွင် ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့် အရေးများကို ရုပ်ပြအဖြစ် အသုံးပြုကာ စစ်ဘုရင်ဝါဒကို ပြန်အသက်သွင်းနေသည်ကို မြင်တွေ့ရပြီး ကျားသေကို အသက်ပြန်မသွင်းမိရန် လိုသည်ဟု ပြောကြားထားသည်။
သို့သော် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင် အဆက်ဆက်သည် စစ်ဘုရင်ဝါဒကို ကိုယ်တိုင်ကျင့်သုံးခဲ့သော်လည်း အခြားသူများကိုသာ အပြစ်ပုံချပြီး စစ်ဘုရင်ဟု စွပ်စွဲလေ့ရှိကြောင်း အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက တုန့်ပြန်ပြောသည်။
“ တစ်တိုင်းပြည်လုံးကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့သူက တော်လှန်ရေးသမားတွေကို စစ်ဘုရင်ဝါဒဆိုပြီး သုံးတာ အတော်ရယ်ဖို့တော့ကောင်းတယ်။ သူတို့တွေရဲ့မူကတော့ သူတို့လုပ်သမျှ အရာတိုင်းကို တစ်ပါးသူလက်ညှိုးထိုးတာပုံမှန်လိုကိုဖြစ်နေပြီ၊ တော်လှန်ရေးဘက်မှာလဲ စစ်ဥပဒေကျင့်ဝတ်တွေကို မလိုက်နာတဲ့သူတွေအနည်းငယ်ရှိပေမဲ့ စစ်တပ်လောက် ဘယ်သူမှ မယုတ်မာဘူး” ဟု အဆိုပါ တော်လှန်ရေး ရဲဘော်က တုန့်ပြန်သည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား လက်လွှတ်ရပြီးနောက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စစ်ဘုရင်ဝါဒကျင့်သုံးသူများဟု စွပ်စွဲပြောကြားခဲ့သေးသည်။
စစ်ဘုရင်ဝါဒဟု စွပ်စွဲမှုများအား ယခင် NLD အစိုးရလက်ထက် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး(ကွယ်လွန်)က အာရက္ခတပ်တော်(AA)အား စွပ်စွဲခဲ့ဖူးပြီး ထိုအချိန်က AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဗမာအစိုးရများနှင့် စစ်တပ်သည်သာ စစ်ဘုရင်ဝါဒကိုင်ဆွဲသူများဟု တုန့်ပြန်ပြောကြားခဲ့ဖူးသည်။
“ စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ အစိုးရနဲ့ ဗမာ စစ်တပ်ပဲ ဖြစ်တယ်။ ရခိုင် စစ်တပ်ကနေ ပြီးတော့ ဗမာလက်ထဲက မြေကို လက်တလုံး သိမ်းထားတာ မရှိဘူး။ အခု တိုင်းရင်းသားဒေသတွေကို ဘယ်သူက ကျူးကျော်ပြီးတော့ အုပ်ချုပ်နေသလဲ။ ဗမာစစ်တပ်က စစ်ဘုရင်ဝါဒနဲ့ ကျူးကျော်ဝင်လာပြီးတော့ လက်နက်အားကိုးနဲ့ အုပ်ချုပ်နေတာ နှစ်ပေါင်း ၇၀ ကျော်သွားပြီနော် ” ဟု ဦးခိုင်သုခက ၂၀၁၉ ခုနှစ် ဧရာ၀တီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသား ဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းသည် ဗမာစစ်တပ် ကျူးကျော်မှုအတွက်ကြောင့် တိုင်းရင်းသားများက ခံစစ်လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ဦးခိုင်သုခကက ပြောကြားခဲ့ဖူးသည်။
၁၉၄၈ ခုနှစ် မတ်လက ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရာမှ စခဲ့သည့် မြန်မာပြည်တွင်းစစ်သည် လူမျိုးစုများ၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များအတွက် တိုက်ပွဲဝင်မှုများဖြင့် ယနေ့ထိ နှစ်ပေါင်း ခုနှစ်ဆယ်ကျော် မပြီးဆုံးသေးဘဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
ထို ကာလရှည်ကြီးအတွင်း ဗမာ စစ်ဗိုလ်ချုပ်များသည် လူမျိုးစု တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှုအား အစဥ်တစ်စိုက် ပယ်ချခဲ့ကြပြီး ယင်းကြောင့်ပင် နိုင်ငံရေး ဆွေးနွေးပွဲများသည် စစ်ပွဲများ အဖြစ် အကြိမ်ကြိမ် အသွင်းပြောင်းခဲ့ရသည်။
ဗမာစစ်ခေါင်းဆောင်များက လက်နက်ကိုင်တော်လှန်သူများအား အပြုတ်တိုက်ရေး လမ်းစဥ်ကိုသာ ကိုင်ဆွဲထားခဲ့ပြီး ယခု နွေဦးတော်လှန်ရေးကာလအတွင်း အဓိက စစ်ဌာနချုပ်ကြီး နှစ်ခုအား လက်လွှတ် ဆုံးရှုံးကာ စစ်ရှုံးနိမ့်နေသော်လည်း စစ်အား ကာလရှည်ဆက်တိုက်နိုင်ရန် စစ်သားစုဆောင်းရေး ဥပဒေထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းနေသည်ကိုလည်း တွေ့ရသည်။