By Ra Wai / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို တော်လှန်ရေး တပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ကြောင်းသိရသည်။
နိုဝင်ဘာ ငါးရက်၊ နေ့ခင်း ၁၁နာရီဝန်းကျင်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁တို့တွင် အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူနေသော စစ်ကောင်စီကင်းစခန်းနှစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) အဖွဲ့က သတင်းထုတ်ပြန်သည်။
“ အမ်း-ပဒါန်းလမ်းကြောင်းတစ်လျှောက်မှာ ချထားတဲ့ ကင်းတွေထဲကနှစ်ခုပေါ့။ ဒီကင်းတွေချထားတာ တစ်လဝန်းကျင်လောက်ပဲရှိသေးတယ်။ နှစ်ခုပေါင်းဆို အင်အား ၃၀၊ ၃၅ဝန်းကျင်လောက်ပဲရှိတယ်” ဟု People’s Revolution Alliance (PRA-Magway) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က MPA သို့ပြောသည်။
တိုက်ခိုက်နေစဉ်အတွင်း အခြားကင်းစခန်းတစ်ခုမှ စစ်ကူလာကာ နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းနှင့် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝှစ်ဇာဖြင့် ပစ်ကူပေးခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
သေဆုံးနှင့်ဒဏ်ရာရစစ်သားများကို ကားနှင့် ဆိုင်ကယ်တို့ဖြင့် နတ်ရေကန်လမ်းဟောင်းအတိုင်း သယ်ထုတ်သွားကြောင်းသိရသည်။
“ ထိခိုက်ဒဏ်ရာရရှိတာကတော့ တိုက်ပွဲအတွင်းမှာ မျက်မြင်ပေါ့နော်။ အိမ်အပြင်ဘက်မှာရှိနေတဲ့သူတွေ လဲကျသွားတာတင် ခြောက်ယောက်လောက်တွေ့တယ်။ အိမ်ထဲမှာရှိတဲ့သူတွေ တော်တော်များများလည်း ထိခိုက်ဒဏ်ရာရတယ်။ အရာရှိတစ်ယောက်ကတော့ ပေါင်ကိုပေါက်သွားတယ်လို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ကင်းစခန်းနှစ်ခုမှ စစ်သားများသည် အမ်း-ပဒါန်းလမ်းပေါ်ရှိ အခြားကင်းစခန်းများဆီသို့ ဆုတ်ခွာသွားကြကြောင်း သိရသည်။
“ လမ်းပိုင်းမှာ လုံခြုံရေးတင်းကျပ်တာမျိုးတို့ဘာတို့တော့ တခြားကင်းစခန်းကနေ လုပ်နေတာမျိုးရှိတယ်” ဟု ၎င်းကပြောသည်။
အမ်း-ပဒါန်းလမ်းပေါ်တွင် စစ်ကောင်စီကင်းစခန်း ၂၅ခုဝန်းကျင်ရှိကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို People’s Revolution Alliance (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် မင်းဘူးခရိုင်အမှတ်နှစ်တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


