5 By Bala / MPA
တရုတ်နိုင်ငံ၏ ဖိအားကြောင့် တော်လှန်ရေးလမ်းကြောင်းနှင့်ဦးတည်ချက် ပြောင်းလဲသွားမည်မဟုတ်ဟု ယုံကြည်ကြောင်း NUGအစိုးရ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ယနေ့(နိုဝင်ဘာငါးရက်)မွန်းလွဲ ၃နာရီခွဲတွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး မီဒီယာ၏ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ဟိုကဖိအားပေး၊ဒီကဖိအားပေးဆိုရုံနဲ့တော့ တရုတ်အတွက်လည်း အကျိုးရှိတဲ့အဖြေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျမကတော့ မြင်မိပါတယ်။ဒါကြောင့်မို့လို့ ဒီဖိအားက မရှိရင်တော့ကောင်းတာ ပေါ့လေ။မရှိရင်တော့ ဒီတော်လှန်ရေးက မြန်မြန်ပြီးမယ်” ဟု ၎င်းက ပြောသည်။
ရေရှည် အာမခံ နိုင်သည့်အဖြေကိုရှာနိုင်ရန် တိုက်ပွဲဝင်နေသည့်အပေါ် တရုတ်အစိုးရ အနေနှင့် နားလည်စေချင်ကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။
“ ကျမတို့ဖြစ်နေတဲ့ တိုက်ပွဲ တွေက ရေရှည်အဖြေ၊အာမခံနိုင်တဲ့အဖြေကိုရှာနိုင်ဖို့လို့ တိုက်ပွဲဝင် နေကြတာဖြစ် တယ်။ဆေး မြီးတိုလောက်နဲ့တော့ ခဏခဏ ဒီလိုမတည်မငြိမ်မှုတွေ ဖြစ်နေမှာပဲ။ မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ အခုလိုမျိုးနိုင်ငံ ရေးမတည်မငြိမ်မှုတွေ၊မကြာခဏ အာဏာသိမ်းတဲ့ သံသရာတွေ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ရေရှည်စနစ်ပြောင်းနိုင်တဲ့ အာမခံ ချက်ပေးနိုင်တဲ့ ဒီစစ်တပ် နိုင်ငံရေးမှာမပါမှုကိုအာမခံတဲ့ စနစ်ပြောင်းတော်လှန်ရေးဖြစ်ရမယ်” ဟု ဒေါ်ဇင်မာအောင်ကပြောသည်။
တော်လှန်ရေးအပေါ် တရုတ်၏ ဖိအားရှိလာခြင်းကြောင့် ပိုမိုရုန်းကြရမှာဖြစ်သလို မြန်မာပြည်သူများ ကိုစိုးရိမ်သောကတက်လာစေကြောင်းလည်း ဆိုသည်။