By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်သားများ မိုင်းဆွဲခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ ( နိုဝင်ဘာငါးရက် ) မွန်းလွဲ ၁၂နာရီခွဲကျော်တွင် မတ္တရာမြို့နယ်၊ သီလကုန်းရွာ သုသာန်အနီး၌ စစ်သားများ မိုင်းဆွဲခံရပြီးနောက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ပေါ်မှ ရော့ကက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မတ္တရာမြို့နယ် အနောက်ခြမ်းနေ ဒေသခံတစ်ဦးထံက သိရသည်။
“ လေကြောင်းက အောက်တောင်ကိုင်းရွာရဲ့ အရှေ့ဘက်ကိုပစ်တာ။ ထိခိုက်တဲ့ ပြည်သူနှစ်ဦးကတော့ အရမ်းစိုးရိမ်တဲ့အခြေအနေတော့ မရှိပါဘူး “ ဟု ၎င်းကMPA ကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် မြွေသစ်တောရုံးရွာနှင့် မြွေပုသိမ်ရွာတို့သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ဆယ်ပယ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
“ ဆယ်ပယ်ရွာကို ရှို့နေတာကို အဝေးက လှမ်းမြင်ရတာ။စစ်ကြောင်းဝင်လာရင် အကုန်ရှောင်ကြ တော့ အိမ်တွေဘယ်လောက်ပါသွားလဲ မသိရဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၂၁ရက်မှစ၍ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ကုန်းတန်းကြီးရွာစသည့် ကျေးရွာများမှ ပြည်သူများထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
သီလကုန်းရွာ သုသာန်အနီး မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။