By Sayar Ngaat / MPA
စစ်ကောင်စီနှင့် ပတ်သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်သူ ၁၄၃ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ နိုဝင်ဘာ လေးရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ဒစ်ဂျယ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့် ပတ်သက်သည့် MIP ၏ အစီရင်ခံစာတွင် စစ်တပ် ဖမ်းဆီးခြင်းခံရသူများသည် အမျိုးသမီး ၃၉ ဦးနှင့် အမျိုးသား ၁၀၄ ဦးထိရှိကြောင်း သိရသည်။
” အဓိကဖြစ်စဉ်တွေကို ကြည့်လိုက်တဲ့အခါ လော်ဘီတွေဟာ စစ်ကောင်စီကိုအဖားသက်သက် အခုလိုချကျွေးနေတာပါပဲ၊ သတင်းထူးတစ်ပုဒ် တက်လာတာနဲ့ တန်ပြန် Attention ရဖို့၊ အခုလို ပြည်သူကြားဝင်ရောယောင်ပြီး Screenshot ယူ ဖမ်းခိုင်းတော့တာပါ၊ ခေတ်သစ်လို၊ ပန်ဆယ်လိုတို့လို သတင်းတွေရဲ့ အောက်မှာ စစ်တပ်ကိုဆန့်ကျင်တဲ့စကားတွေဝင်မန့်မိရာက မိမိ Profile မပိတ်မိဘ ဝင်ရေးတဲ့ သူတွေက အဓိကသားကောင်အဖြစ် ဖမ်းဆီးခံရတာပါပဲ ” ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် MDY Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် နေ့စဉ်အသုံးပြုနေသည့် လူမှုကွန်ရက်အကောင့်များတွင် စစ်တပ်သတင်းပေးများ ပါရှိနေသဖြင့် ဖမ်းဆီးခံရမှုများလည်း ရှိကာ၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံရေးသားထားသည့် လူမှုကွန်ရက်အကောင့်များကို တော်လှန်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများတွင် အသုံးမပြုသင့်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
MIP၏လေ့လာဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဖေ့ဘွတ်ခ်(Facebook) အသုံးပြု၍ ထုတ်ဖော်ပြောဆိုသူ ၈၃ ဦး၊ တစ်တော့ခ့်(Tik Tok)အသုံးပြု၍ ထုတ်ဖော်ပြောဆိုသူ ၅၈ ဦးနှင့် အခြားလူမှုကွန်ရက်အသုံးပြုသူ နှစ် ဦးတို့သည် စစ်တပ် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း အစီရင်ခံစာရ သိရသည်။
ထို့ပြင် စစ်ကောင်စီ ဝါဒဖြန့်သူများသည် Tik Tok ပိုမိုအသုံးပြုရန် တိုက်တွန်းမှုများ ပြုလုပ်ပြီး Tik Tok အသုံးပြု၍ စစ်ကောင်စီကို ဝေဖန်သူများကိုလည်း ပိုမိုစောင့်ကြည့်လျက်ရှိသသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်ကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် စစ်ကောင်စီ၏ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အစိုးရယန္တရားပျက်ယွင်းအောင် လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထို့ပြင် အောက်တိုဘာလအတွင်းကလည်း ” ဂျစ်ကားစီးဖူးသလား ” မြန်မာရုပ်ရှင်ဇာတ်ကားတွင် အိန္ဒိယနွယ်ဖွားများ၏ ဝတ်စားဆင်ယင်မှုနှင့် ယဥ်ကျေးမှုကို ထိခိုက်စေသည့် အသုံးအနှုန်းများ၊ သရုပ်ဆောင်ချက်များ ပါသည်ဟု ဝေဖန်ခဲ့သည့် မြန်မာလူငယ်တစ်ဦးကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာမှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
” ကျတော်ဆို ဖေ့ဘုတ်စ်အကောင့် ပရိုဖိုင်းကို ပိတ်ပြီး သုံးနေရတယ်။ ပြီးရင် အကောင့်ထဲမှာ ကိုယ့်နဲ့သိတဲ့သူတွေပဲ ထားတယ်။ ကျတော်တို့ အသိတစ်ယောက်ဆိုလည်း စစ်တပ်ဗုံးကြဲတာကို တင်လို့ အဖမ်းခံရတယ်။ ကိုယ်နေနေရတာလည်း စစ်တပ် ကြီးစိုးတဲ့နေရာဆိုတော့ သတိနဲ့နေရတာပေါ့၊ စစ်တပ်က စိတ်ရော၊ လူရော အကြောက်တရားနဲ့ ဖိနှိပ်နေတာပါ ” ဟု မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
MIP ၏ အစီအရင်ခံစာ အရ သုံးလအတွင်း ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေးနှင့်တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းများရှိ မြို့နယ် ၂၇ခုနှစ်မြို့နယ်တွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ပြတ်တောက်မှု အနည်းဆုံး အကြိမ် ၂၀ ရှိခဲ့ကြောင်း သိရသည်။
ယင်းတို့အနက် ချင်းပြည်နယ် ဟားခါးမြို့မှ လွဲပြီး ချင်းပြည်နယ်တစ်ခုလုံးနီးပါသည် အင်တာနက်ပြတ်တောက်နေကြောင်း၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်တို့ သည်လည်း ပြည်နယ်တစ်ခုလုံးနီးပါး အင်တာနက်ပြတ်တောက်သည့်ဒဏ်ကို ကြုံတွေ့ခံစားခဲ့ကြရကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
” ဒီဘက်မှာတော့ ဖုန်းလိုင်းတွေရော ဖြတ်တောက်ခံထားရတော့၊ စတားလင့်ကိုပဲ သုံးကြရတယ်။ တစ်နာရီကို တစ်ထောင်၊ သုံးနာရီဆို နှစ်ထောင်၊ တစ်လဆို ခုနှစ်သောင်းဆိုပြီး ဈေးတွေတော့ရှိတယ်။ မနက်ကိုးနာရီကနေ ညကိုးနာရီလောက်အထိ သုံးလို့ရပါတယ် “ ဟု ကရင်နီပြည်မှ သတင်းထောက်တစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်မရှိခြင်းနှင့် သတင်းသမားများကို ဒုတိယအများဆုံး ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ၏ မှတ်တမ်းများအရ သိရသည်။