By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ထပ်မံ စစ်ရှောင်ရပြန်ကြောင်း သိရသည်။
နိုဝင်ဘာ နှစ်ရက်က မြိုင်မြို့နယ် မကြီးလေးပင်ရွာမှ ပြည်သူများနေထိုင်သော စစ်ရှောင်စခန်းကို စစ်တပ်က MI 35 ရဟတ်ယာဉ်ပေါ်မှ ရော့ကက်နှင့် စက်သေနတ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယင်းစစ်ရှောင်စခန်းတစ်ခုလုံး ထပ်မံပြောင်းရွှေ့စစ်ရှောင်ကြရကြောင်း မြိုင်ပကဖထံက သိရသည်။
“ နေရာအသစ်ကို လုံးဝရွှေ့လိုက်ရတဲ့အခါကျတော့ လိုအပ်တဲ့စားနပ်ရိက္ခာတွေတော့ ထောက်ပံ့ပေးထားတယ်။ ကျန်းမာရေးအတွက်လည်း တစ်ခုခုဖြစ်တယ်ဆိုရင် သွားခေါ်ပေးပြီး ဘေးကင်းတဲ့နေရာမှာ ဆေးဝါးကုသမှုတွေလုပ်ပေးနေတယ်။ အခုက ဆောင်းဝင်ပြီဆိုတော့ စောင်၊ အနွေးထည်နဲ့ အမိုးအကာလိုအပ်မှုတွေ ရှိနေတယ်” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထပ်မံစစ်ရှောင်ရသည့်နေရာကိုမူ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ကန်နီပျူရွာမှ စစ်အုပ်စုဝင်များ၏ အန္တရာယ်ကြောင့် ၂၀၂၂ခု၊နှစ်ဆန်းပိုင်းမှစတင်ကာ အိမ်ထောင်စု ၁၃၀ခန့်( လူဦးရေ ၃၀၀ ကျော်)ရှိ မကြီးလေးပင်ရွာသားများအားလုံး ရွာတွင်မနေရဲတော့ဘဲ စစ်ရှောင်နေကြခြင်းဖြစ်သည်။
“ NUG ကြားကာလ ပညာရေးကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေရှိတယ်။ အခုကကျ တက်နေတဲ့ကျောင်းနဲ့ ရှောင်နေတဲ့နေရာနဲ့က အလှမ်းဝေးသွားတဲ့အခါကျတော့ ကလေးတွေပညာရေးအတွက် စီစဉ်ရမှာမျိုးရှိလာတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်နှစ်ဦးနှင့် ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးရဲဘော်တစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရကာ စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိနေသေးကြောင်း သိရသည်။