By Ko Paing / MPA
စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရှေ့ စစ်ဆေးရေးဂိတ်ကို PDFတို့ ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူယာဉ်တန်းအား မိုင်းဆွဲခဲ့ရာ စစ်သား ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ လေးရက်၊ နံနက်ငါးနာရီကျော်တွင် စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ရှေ့ ၊မုံရွာ-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SAGAING PDF က ယနေ့(နိုဝင်ဘာငါးရက်) သတင်းထုတ်ပြန်သည်။
“မနက် ငါးနာရီကျော်လောက်မှာ ကျတော်တို့ ကျောင်းအနောက်ပေါက်ဂိတ်ကနေ ၁၅ မိနစ်လောက် အနီးကပ်ဝင်ပစ်တာပါ။ပစ်ခတ်ပြီးလို့ ကျတော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကိုင်း တပ်မ ၃၃ ကနေ စစ်ကူလာတဲ့ ကားတန်းကို ကျနော်တို့ ဖြတ်တောက်ရေးအဖွဲ့က စလစ် သုံးလုံးတွဲနဲ့ မိုင်းဆွဲတာမှာ ကား နှစ်စီးပက်လက်လန်သွားတယ်။အဲ့ဒီမှာ အောင်ချမ်းသာရွာက ပျူစောထီး အိုရှင် ကားပိပြီးသေတယ်။ကျန်တဲ့ စစ်သားတွေလည်း ထိခိုက်သေဆုံးတွေရှိတယ်” ဟု SAGAING PDF မှ တာဝန်ရှိသူက MPAသို့ ပြောသည်။
တက္ကသိုလ်ထဲမှ ထွက်လာသော စစ်သားများကို ကျောင်းအပေါက်ဝတွင် မိုင်းပွိုင့်တစ်ပွိုင့်ဖြင့် မိုင်းဆွဲ ခဲ့သေးရာ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“သေဆုံးတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေကို စစ်ကိုင်းနဲ့မန္တလေးကိုခွဲပို့တယ်။မိုင်းထိတဲ့ကား နှစ်စီးကို ညနေပိုင်းမှာ ကြေးနီကား ၁၅ စီးထွက်တဲ့အချိန် လမ်းကို ခဏပိတ်ပြီး စစ်ကိုင်းဘက်ကို ကားကြီးနဲ့ဆွဲသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို SAGAING PDF နှင့် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ထိခိုက်မှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။