By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာအကျော်တွင် စစ်တပ်ကင်းပုန်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း Black Hero LPDFက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလေးရက်၊ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်တွင် မန္တလေး-မုံရွာလမ်းမပေါ် ဖြတ်သန်းမည့် စစ်ယာဥ်တန်းနှင့်ဆီဘောက်ဆာကားများကို တိုက်ခိုက်ရန်အသွား မြေနဲရွာအကျော်၌ စစ်တပ်ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျတော်တို့ က စစ်ကိုင်းဘက်က ထွက်လာတဲ့ စစ်ယာဥ်တန်းကို ပစ်ဖို့သွားတာ။ မြေနဲအကျော် မှာစစ်ကောင်စီကင်းပုန်း ၂၀ ဝန်းကျင်လောက်နဲ့ ထိတွေ့ဖြစ်သွားတာ။အချိန်အရမ်းတော့ မကြာပါဘူး။သူပစ် ကိုယ်ပစ် သုံးမိနစ် လောက် အနီးကပ်ပစ်ရတာ”ဟု Black Hero LPDF မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ထိခိုက်သေဆုံးသွားသည့် စစ်သားများကို မုံရွာမြို့ဘက်သို့ စစ်ယာဥ်တန်းနှင့် ကပ်လျက် ကားဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။
“ကင်းပုန်းရှိတယ်ဆိုတဲ့သတင်းတော့ရထားတယ်။ကျတော်တို့ကလည်း ကားတန်းအလာကို ဝင်လိုက်တာမှာ ကင်းပုန်းနဲ့ ရုတ်တရက်တွေ့ပြီး ထိတွေ့ဖြစ်တာ။ကင်းပုန်းရှိမှန်းသိထားတော့ ကျတော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Black Hero LPDF ၊ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊IDIOTS COLUMNနှင့်The Brightness Monywa တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်၊သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။