By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အထွေထွေအကျပ်အတည်းများကြားမှ စစ်ကောင်စီဆန့်ကျင်ရေးတွင် လူထုပါဝင်မှုအားကောင်းနေဆဲဖြစ်ကြောင်း ကလေးမြို့လူထုသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်ကိုဗိုက်ပူက MPAကိုပြောသည်။
တော်လှန်ရေးကာလ လေးနှစ်တာ(ရက်ပေါင်းအားဖြင့် ၁၄၀၀ကျော်) ကာလအတွင်း ကလေးဒေသ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ်ဖိနပ်အောက်တွင် ဒူးမထောက်ဘဲ ကျေးလက်ဒေသများသာမက မြို့ပြတွင်ပါ ရရာနည်းလမ်းဖြင့် စစ်အာရှင်စနစ်အမြစ်ပြတ်ပြုတ်ကျရေးအတွက် တပ်ဦးအလံကို ယနေ့တိုင်လွှင့်ထူနေဆဲဖြစ်သည်။
“ ကလေးမြို့လူထုသပိတ်ဟာဆိုလို့ရှိရင် ၂၀၂၁ နွေဦးတော်လှန်ရေးသမိုင်းမှာ အခါသီးဆုံးစစ်ကောင်စီရဲ့တုန့်ပြန်မှုကို ကျတော်တို့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုလို့ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၁၊ ဧပြီ သင်္ကြန်အတာရေအိုးသပိတ်မှာလည်း ကျတော်တို့မြို့ပြရဲဘော်တွေ၊ အဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့အပြင်ကို နေအိမ်တွေရော၊ သပိတ်အဖွဲ့ဝင်တွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတော့တဲ့နေအိမ်တွေရော အကုန်ဖြိုဖျက်ခံရတယ်ပေါ့နော်။ ဒါတွေအားလုံးဟာ ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုဖြစ်ပေမဲ့ ကျတော်တို့နေအိမ်တွေကိုသာဖြိုဖျက်လို့ရမယ်၊ ကျတော်တို့ရဲ့တော်လှန်စိတ်ကိုဖြိုဖျက်လို့မရဘူးဆိုတဲ့စိတ်ဓာတ်ကို မြဲမြဲစွဲကိုင်ပြီးတော့ ကျတော်တို့နိုင်မှလွတ်မယ့်သူ၊ ကျတော်တို့နိုင်မှ ကျွတ်မယ့်သူတွေအတွက် ကျတော်တို့ဒီအချိန်ထိ လူထုသပိတ်ကိုစွဲကိုင်ပြီး စိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံကျော်ဖြတ်နေပါတယ်ဗျ” ဟု ကိုဗိုက်ပူကပြောသည်။
နွေဦးတော်လှန်ရေးသည် ပြည်သူလူထုကဦးဆောင်၍ ပြည်သူလူထုကအစပြုခဲ့သော တော်လှန်ရေးဖြစ်သည်နှင့်အညီ ပြည်သူလူထုပါဝင်မှုအခန်းကဏ္ဍသည် အင်မတန်အရေးကြီးပြီး လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည်နှင့်အမျှ လူထုသပိတ်များသည်လည်း ဟန်ချက်ညီအားကောင်းလာရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။
” ပြည်သူလူထုတစ်ရပ်လုံးကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေ၊ နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ဒုက္ခတွေရဲ့ နံပါတ်တစ် လက်ရင်းခံဟာ စစ်ကောင်စီဖြစ်တယ်။ လက်နက်ကိုင်တိုက်ပွဲတစ်ခုတည်းမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးပါဝင်လို့ရတဲ့ လူထုတိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ထုတ်ကုန်တွေကိုမသုံးစွဲတာ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ဆိုင်တွေကိုမသွားတာ၊ နောက်ပြီးတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေမှာ မပါဝင်တာ၊ ဒါတွေဟာလည်း လူထုပါဝင်လို့ရတဲ့တိုက်ပွဲတွေဖြစ်တယ်” ဟု ကိုဗိုက်ပူကပြောသည်။
လက်ရှိ ကလေးမြို့ပေါ်တွင်မူ စစ်ကောင်စီက အရပ်ဝတ်များဖြင့် စုံစမ်းထောက်လှမ်းမှုများရှိနေသည့်အပြင် ကားဖြင့်ကင်းပတ်ခြင်းများကိုပါ ခပ်စိပ်စိပ်ပြုလုပ်နေပြီး စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအားပေါ်တာဆွဲခြင်းကိုလည်း ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ကလေးမြို့ စစ်ကောင်စီက ပေါ်တာဆွဲထားသည့်လူငယ်များအနက် ငွေကြေးတတ်နိုင်ပြီး စစ်မှုမထမ်းလိုသော လူငယ်များကို ငွေသိန်းတစ်ရာကျော်ဖြင့် ပြန်လည်ရွေးယူစေသောနည်းဖြင့် အေးဓားပြတိုက်လျက်လည်းရှိသည်။
” တချို့ကတော့ လက်နက်မကိုင်ချင်ဘူးကိုး၊ ဒီအတိုင်းထွက်ပြေးခိုလှုံလာတာတွေရှိတယ်။ အမျိုးတွေဆီမှာ နေကြတာတွေရှိတယ်။ တချို့ကျလည်း ဟိုဘက်(စကစ)ထဲတော့မဝင်ဘူး ဒီဘက်ပဲဝင်မယ်ဆိုပြီး ဝင်လာတာတွေရှိတယ်။ ကျတော်တို့ အပတ်စဥ်(၁)အနေနဲ့တောင် သင်တန်းပေးပြီးပြီလို့ကြားတယ် “ ဟု ကလေးတောင်ပိုင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အမျိုးမျိုးဖိနှိပ်မှုများကို ခါးသီးစွာကြံ့ကြံ့ခံရင်ဆိုင်ရင်း လူထုသပိတ်တွင်ပူးပေါင်းပါဝင်ပေးနေသည့် မြို့ပေါ်ပြည်သူများကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် အသိအမှတ်ပြုဂုဏ်ယူကြောင်းနှင့် စစ်ကောင်စီ၏ဖိနှိပ်မှုအောက်တွင် နေသားမကျဘဲ အလံနှင့်အသံကိုနားစွင့်ကာ ရရာနည်းလမ်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန်ကိုလည်း ပြောကြားထားသည်။
ယင်းအပြင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ကျေးလက်နှင့်မြို့ပြပြည်သူအားလုံးနှင့်ပူးပေါင်းကာ စစ်အာဏာရှင်နှင့်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောဆိုသည်။




