By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီ ဝန်ကြီးချုပ်၏ ညီမဖြစ်သူနှင့် ၎င်း၏ မိတ်ဆွေများသည် ဘာသာရေးဆိုင်ရာ ခေါင်းစဉ်တစ်ခုခုအကြောင်းပြ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းခင်းခြင်းများကို ထပ်မံပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ ညီမဝမ်းကွဲ ခင်ပန်းနှင့် ချောင်းဆုံစရဖ၊ တာဝန်ခံ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တပ်ကြပ်ဖြိုးမင်းထွန်းတို့ ဦးဆောင်၍ ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်းနှင့် ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ) မျိုးဝင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့်သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာ၁၇ ရက်)မှ စတင်ကာ ချောင်းဆုံမြို့နယ်အနှံ့ တစ်ရွာပြီးတစ်ရွာ၌ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းခင်း၍ အကောက်ကောက်နေကြကြောင်း ချောင်းဆုံ ရပ်ကျးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ခင်ပန်းက ဆရာမကြီးပေါ့၊ ဖြိုးမင်းထွန်းတို့က ဝေစားမျှစား အကောင်အထည်ဖော်ပေးရတာ၊ သီတင်းကျွတ်လပြည့်နေ့က မုရစ်ကြီးရွာကနေ ကထိန်လှည့်ပွဲ ခေါင်းစဉ်နဲ့ စလိုက်တာ ရွာတွေ ဆက်တိုက်ပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းခင်းခြင်းကို တစ်ရွာလျှင် အနည်းဆုံး သုံးညမှ အများဆုံးငါးညအထိ ပြုလုပ်ကြပြီး မုရစ်ကြီးရွာပြီးနောက် တောင်စွန်းရွာ၊ ကွမ်ရိုက်ရွာနှင့် ချောင်းဆုံအနောက်ပိုင်းရပ်ကွက်တို့တွင် တရားဝင် ပြုလုပ်ကြကြောင်း၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်တွင် အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ တစ်ရက်အထိ ဇာတ်ပွဲသွင်းခဲ့ပြီး နိုဝင်ဘာလေးရက်မှ ခြောက်ရက်အထိ မုရစ်ကြီးရွာ၌ပင် ဒုတိယအကြိမ်မြောက် ထပ်မံပွဲသွင်းဦးမည်ဖြစ်ကြောင်း သိရသည်။
“ မနှစ်တုန်းကလိုပဲ မိုးရာသီမရောက်မချင်း ဆက်တိုက်လုပ်မှာ နယ်စပ်မြို့တွေက လောင်းကစားရုံ တွေလိုမျိုးဘဲ၊အဖမ်းအဆီးမရှိ တရားဝင်လုပ်နေတာ၊ သူတို့ခေါင်းစဉ်တပ်တာက ဆွမ်းကြီးလောင်းပွဲ ပြီးတဲ့အထိမ်းအမှတ်တို့၊ ဘုရားပွဲတို့၊ ကထိန်တို့ ဘာသာရေးခေါင်းစဉ်တွေပေါ့၊ ဘာသာရေးခေါင်းစဉ် တစ်ခုခုတပ်လိုက်ပြီး လောင်းကစားဝိုင်းလုပ်ကြတာ” ဟု ချောင်းဆုံမြို့မရဲစခန်းနှင့် နီးစပ်သူတစ် ဦးကပြောသည်။
ထို့ပြင် ဇာတ်ပွဲ တစ်ညဌားရမ်းခမှာ ကျပ်သိန်း၂၀ ဝန်းကျင်သာ ပေးရပြီး တစ်ညလျှင် လောင်းကစားဝိုင်းများ ထံမှ အကောက်ငွေ ကျပ်သိန်း၁၀၀ခန့်ရရှိကာ ဆိုင်ကယ်အပ်နှံခြင်းနှင့် ဈေးရောင်းသူများထံမှ ကောက်ခံငွေ ခုနှစ်သိန်းခန့် ရရှိကြောင်း သိရသည်။
“ဇာတ်ပွဲကတော့ အဖြစ်ဇာတ်ပွဲပေါ့၊ ကျတော်တို့လူပျိုတုန်းကလို ဇာတ်ပွဲ ညလုံးပေါက် ဘယ်သူမှ မကြည့်ကြတော့ဘူး။ စတိတ်ရှိုးလောက် ကြည့်ပြီး ည၁၁နာရီကျော်ဆို ပွဲခင်းထဲ လူတော်တော်ပါးသွားပြီ၊ အကုန်လုံးက လောင်းကစားဝိုင်းဘက်ပဲ ရောက်နေတာ” ဟု အသက်၅၀ဝန်းကျင် အရွယ်ရှိ မုရစ်ကြီးရွာသားတစ်ဦးက ပြောသည်။
ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်းခင်းရာတွင် ဂလုတ်ဂလုတ်(ဆွဲကျ)ဝိုင်း ၃၀ ဝန်းကျင် ၊အနီထောင်ဝိုင်း ၂၀ ဝန်းကျင်၊ဖဲဝိုင်း ငါးဝိုင်းဝန်းကျင်နှင့် အရုပ်လှည့်ဝိုင်း သုံးဝိုင်းဝန်းကျင်ရှိကြောင်း ၎င်းကပြောသည်။
ဂလုတ်ဂလုတ်ဝိုင်း တစ်ဝိုင်းလျှင် တစ်ည ကျပ်တစ်သိန်းနှင့် အနီထောင်ဝိုင်း တစ်ည သုံးသိန်း အကောက်ပေးရသည်ဟု သိရကြောင်း ချောင်းဆုံမြို့မရဲစခန်းနှင့် နီးစပ်သူက ဆိုသည်။
“ဖဲဝိုင်းလည်း အကောက်ပေးရတာ သိန်းဂဏန်းပဲ၊ အရုပ်လှည့်တဲ့ဝိုင်းက သောင်းဂဏန်းပေးရတယ်။ အဲ့ဒီနှစ်ခု ပေးရတဲ့အကောက် အတိအကျမသိဘူး။ အကောက်က လောင်းကစားဝိုင်းကန်ထရိုက်ကိုပေးရတာ၊ ကန်ထရိုက်က ဇာတ်ပွဲကြေး သူပေးတယ်။ ခင်ပန်းတို့၊ ဇော်နိုင်ဝင်းတို့ကို တစ်ည ဘယ်လောက် ပေးရသလဲတော့ မသိဘူး။ သူတို့ကို လောင်းကစားဝိုင်း ဖွင့်ခွင့်ပြုတဲ့အတွက် အချီကြီး ပေးရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် ချောင်းဆုံမြို့နယ်၊ ကတောင်စိန်ရွာတွင် နေ့ခင်းဘက် ဖွင့်သော လောင်းကစားရုံရှိပြီး ယခု ညဘက် လောင်းကစားဝိုင်းများကို ယင်းလောင်းကစားရုံမှ ဒိုင်များသာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကတောင်စိန်ရုံကလည်း ခင်ပန်းတို့၊ ဇော်နိုင်ဝင်းတို့ ဦးဆောင်တာပဲ၊ ဖွင့်ခွင့်ပေးတာတော့ မွန်ဝန်ကြီးချုပ်ပေါ့၊ ဝန်ကြီးချုပ် ခွင့်ပြုလို့ဖွင့်တယ်ဆိုတာ ဝန်ကြီးချုပ်ရဲ့ တပည့်ရင်းတွေဖြစ်တဲ့ စံခင်(သက္ကောရွာ အုပ်ချုပ်ရေးမှူး)တို့၊အေးကို(ကုလားဘီရွာအုပ်ချုပ်ရေးမှူး)တို့ ပါးစပ်ပေါက်ကနေ ထွက်တာ၊ အခုဆို နေ့ခင်းဘက် ကစားချင်ရင် ကတောင်စိန်သွား၊ ညဘက်ကစားချင်ရင် ပွဲလုပ်တဲ့ ရွာ သွားပေါ့” ဟု သက္ကောရွာသားတစ်ဦးကပြောသည်။
ကတောင်စိန်လောင်းကစားရုံနှင့် ညဘက် လောင်းကစားဝိုင်းများသို့ အခြားမြို့များမှ လက်ကြီး လောင်းကစားသမားများ လာရောက်ကစားကြကြောင်း ချောင်းဆုံ ရပ်ကျးအုပ်ချုပ်ရေးနှင့် နီးစပ်သူ ကပြောသည်။
“လက်ကြီးသမားတွေက အနီထောင်နဲ့ ဖဲ ကစားကြတာ များတယ်။ ရွာခံတွေက ဂလုတ် ဂလုတ်ကစားကြတာများတယ်” ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ်တွင် မွန်ဝန်ကြီးချုပ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည့်တန်ဆာခန်းဖွင့်ရန်သာ ကျန်တော့ကြောင်း ၎င်းက ဆိုသည်။
“ဇိမ်ခန်း ခွင့်ပြုရင် ခင်ပန်းတို့ ဇော်နိုင်ဝင်းတို့က ခေါင်းလုပ်ကြဦးမှာဘဲ၊ သူတို့တွေက ပိုက်ဆံသာ ရမယ်ဆို ဘာမဆိုလုပ်မဲ့ဟာတွေ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာသား ဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးအမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အရှုံးကြီးရှုံး နိမ့်ခဲ့သဖြင့် ကိုယ့်ဇာတိကိုယ် အငြိုးထား ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သက္ကောရွာသားက ဆိုသည်။