By Ko Paing / MPA
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် KNLA၊PDF ပူပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ် က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာနှစ်ရက်၊ မွန်းလွဲတစ်နာရီဝန်းကျင်တွင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောစစ်တပ်နှင့် ပိန္နဲကုန်းကျေးရွာ အနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ခုထိတော့ စစ်ရေးကတင်းမာနေတုန်းပါပဲ။ကျတော်တို့အနေနဲ့ မဟာမိတ်EROsတွေနဲ့ပူးပေါင်းပြီး အစွမ်းကုန်တိုက်ပွဲဝင်နေပါတယ်” ဟု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ် မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက MPAသို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၂၀ (မမ)လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဇရပ် တစ်ဆောင် ပျက်စီးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် သေဆုံးစစ်သားနှင့်ဒဏ်ရာရရှိသူများကို ဖောကားဖြင့် သယ်ဆောင်ကာ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ယနေ့ (နိုဝင်ဘာသုံးရက်) နံနက်ပိုင်းတွင် ပြန်လည်စစ်ကြောင်းထိုးလာသဖြင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ် နှင့် ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစု တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။

