By Blackpanda / MPA
မြန်မာနိုင်ငံတွင် လွဲမှားသည့် ဘာသာရေးအကြောင်းပြချက်ဖြင့် စပါးကြီး၊ စပါးအုံးမြွေများ ချုပ်နှောင်ခံရမှု ပိုမိုများပြားလာကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းသူများနှင့် လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။
စပါးကြီးနှင့် စပါးအုံမြွေမျိုးစိတ်များသည် အကောင်အရွယ်ကြီးသဖြင့် လူနေရပ်ကွက်အတွင်းရှိနေပါက လူများအတွက် အန္တရာယ်ရှိနိုင်မှုကို စိုးရိမ်မှုအပြင် နတ်မြွေများဟုဆိုကာ ပြည်သူအချို့သည် ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ရာမှ ဘုရားမြွေဟု အမည်တပ်ချင်းခံရကြောင်း ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မရွှေလဲ့က ပြောသည်။
“ ပြောရမယ်ဆိုရင် ဘုန်းကြီးတွေ ၊ ဂေါပကတွေက ရှာပြီးတော့ မွေးထားတာမဟုတ်ဘူး။ စပါးကြီးတို့ စပါးအုံးတို့ တွေ့ပြီဆို ဘုန်းကြီးကျောင်းတွေ ၊ ဘုရားတွေကို ပို့တယ်၊ အဲ့ဒါနဲ့ပဲ ဘုရားမြွေဖြစ်လာတာပါ” ဟု မရွှေလဲ့က MPAသို့ပြောသည်။
ထိုကဲ့သို့ လူများ၏ ဖမ်းဆီးခြင်းခံရပြီး ဘုရားများနှင့် ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်၍ မွေးမြူခြင်းခံရသည့် မြွေများသည် စိတ်ဖိစီးမှုများကာ အချိန်မတိုင်မီသေဆုံးလေ့ရှိကြောင်း Native Species Conservation & Identification (NSCI) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ အဲ့ဒီလိုချုပ်နှောင်ခံရပြီဆို ပထမဆုံးဖြစ်မှာက Stress ပေါ့၊ သဘာ၀ထဲမှာ လွတ်လပ်စွာသွားလာနေတဲ့ မြွေကို အချုပ်အနှောင်တစ်ခုထဲထားလိုက်တဲ့အတွက် စိတ်ဖိစီးမှုရမယ်။ မြေတွေက Stress အရမ်းဝင်ရင် သေကြတာများတယ် “ ဟု ၎င်းက ပြောသည်။
ထို့ပြင် စပါးကြီးနှင့် စပါးအုံးမြွေများသည် အဆိပ်မရှိသည့်အတွက် ဘုရားမြွေအဖြစ် အသုံးချခံလာရပြီး အဆိပ်ရှိ မြွေများကိုမှု ဘုရားမြွေအဖြစ် ချုပ်နှောင်မှုမရှိကြောင်း NSCI မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
“ ဘုရားမြွေဆိုပြီး လုပ်တာက လူတွေပါပဲ၊ ကျတော့်အမြင်အရဆိုရင် ဘုရားမြွေတွေက ပြစားခံနေရတာပဲ လူတွေလုပ်သမျှကို တော်ရုံပြန်မလုပ်နိုင်တဲ့ အဆိပ်မရှိတဲ့ စပါးကြီး၊ စပါးအုံးတွေမို့လို့ပါ၊ အဆိပ်ပြင်းမြွေကို ဘုရားမြွေလုပ်လိုက်ရင် လူတွေအတွက် အသက်အန္တရာယ်များပါတယ်။ ဒါတွေကြောင့်ပဲ လူလုပ်တဲ့ဘုရားမြွေတွေမှာ အဆိပ်ပြင်းမြွေမပါကြတ “ ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ စပါးကြီး၊ စပါးအုံးမြွေများကို ဖမ်းဆီးပြီး ဘုရားနှင့် ဘုန်းကြီးကျောင်းများသို့ပို့ဆောင်ပြီးနောက်တွင် မြွေများ၏ အစာမဟုတ်သော နွားနို့၊ ငှက်ပျောသီး၊ ကြက်ဥနှင့် ပေါက်ပေါက်စုပ်ကဲ့သို့ အရာများ ကျွေးမွေးသည့်အတွက် အစာချေဖျက်မှုကောင်းစွာ မပြုလုပ်နိုင်တော့ပဲ အ၀လွန်ကာ ဝေဒနာခံစားရကြောင်း NSCI မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ပြောရမယ်ဆိုရင် ကျတော်တို့ မြန်မာလူမျိုးတွေက မြွေတွေနဲ့ပတ်သက်ပြီး အိပ်မက်တယ်မက်တယ်ပေါ့၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး၊ အယူအဆအမှားတွေပေါ့ အဲ့ဒီလိုတွေကနေစပြီး မြွေတွေက ဘုရားမြွေတွေဖြစ်လာတာပါ” ဟု သဘာဝပတ်ဝန်းကျင် လေ့လာနေသူတစ်ဦးဖြစ်သည့် ကိုဇွဲမဟိဏ်ခက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ နှစ်ရက်နေ့က မိတ္ထီလာမြို့နယ်ရှိ ရွာတစ်ရွာတွင် စပါးကြီးမြွေတစ်ကောင်အား ရွာသားများက ဖမ်းဆီးခဲ့ပြီး ၎င်းမြွေသည် မယ်တော်ကြီးဖြစ်သည်ဟုဆိုပြီး ဘုန်းကြီးကျောင်းသို့ ပို့ဆောင်မွေးမြူခဲ့ရာ အဆိုပါမြွေသည် မြွေထီးဖြစ်နေသည်ဟု မရွှေလဲ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ကမ္ဘာပေါ်တွင် မြွေအမျိုးစိတ်ပေါင်း ၂၇၀၀ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် မြွေမျိုးစိတ်ပေါင်း ၁၅၀ခန့် ကျက်စားလျက်ရှိပြီး ယင်းတို့အနက် မျိုးစိတ် ၅၀ခန့်သည် အဆိပ်ပြင်းမြွေဆိုးများဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျက်စားနေထိုင်သည့် မြွေမျိုးစိတ်များအနက် စပါးကြီးနှင့် စပါးအုံးမြွေမျိုးစိတ်များသည် အကောင်ကြီးမျိုးစိတ်များဖြစ်ပြီး အကြီးဆုံးအရွယ်အစားသည် ပေ ၃၀ခန့်ရှိကြောင်းသိရသည်။
မြွေမျိုးစိတ်များအားလုံးသည် အဓိကအားဖြင့် တောကောင်များ၊ ငှက်များနှင့် ပိုးမွှားများကို ဖမ်းယူစားသောက်တတ်သည့် တောတွင်းတိရစ္ဆာန်များဖြစ်ပြီး သဘာ၀အတိုင်း ထားရှိသင့်သည်မျိုးစိတ်လည်းဖြစ်သည်။
သို့သော် အချို့သောနိုင်ငံများတွင် စပါးအုံးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလေ့ရှိပြီး အစာအဖြစ် ဝက်သား၊ အမဲသားနှင့် ကြက်များကို ကျွေးမွေးခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ဘုရားများနှင့် ဘုန်းကြီးကျောင်းများတွင် မွေးမြူထားသည့် စပါးကြီး၊ စပါးအုံးများကို ကျွေးမွေးသည့် ပုံစံနှင့် လွန်စွာကွဲပြားမှုရှိသည်။
ယခုကဲ့သို့ စပါးကြီးနှင့် စပါးအုံးမြွေများကို ဘုရားနှင့် ဘုန်းကြီးကျောင်းများ၌ မွေးမြူထားခြင်းသည် ၎င်းတို့ကို ဗန်းပြ၍ ပိုက်ဆံရှာဖွေနေခြင်းဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။