By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာနှစ်ရက်) နံနက်ပိုင်းတွင် မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့် အင်အား ၅၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူလေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ဇီးတောရွာကိုဝင်တဲ့ စစ်ကြောင်းက ကိုးနာရီဝန်းကျင်လောက်မှာ ပြည်သူလေး ဦးကိုဖမ်းထား တယ်။ရွာထဲကနေ ဟောင်ဝှစ်ဇာနဲ့ ဇီးတောရွာမြောက်အရပ်ကို ပစ်နေတာ” ဟု တပင်ရွှေထီးပြောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းစစ်ကြောင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဆုံကုန်းကျေးရွာထဲသို့ နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ရွာအနောက်သို့ တစ်လုံး ကျရောက်ခဲ့ကြောင်း သိရသည်။
“ခုလို ဖမ်းနေတာတွေက သူတို့(စစ်ကြောင်း)ဘယ်ကိုရောက်တယ်ဆိုတာ သတင်းမရစေချင်လို့ တမင်တွေ့တဲ့သူဖမ်းတဲ့သဘော။ဓားစာခံနဲ့ လာရောက်တိုက်ခိုက်မှုကို ကာတဲ့သဘောရောပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် ဘုတလင်မြို့ပေါ်မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ယနေ့နံနက်ပိုင်း ထွက်လာသည့် စစ်ကြောင်းသည်လည်း ဓားစာခံ ၅၀ ကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားကာ ကံသစ်ကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။
ဓားစာခံ၅၀ကို မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သလဲဆိုသည်နှင့် ဖမ်းဆီးခံထားရသည့် ကျား၊မ အရေ အတွက်အား မသိရသေးပေ။