By Nway / MPA
ပြည်သူနှင့် မဟာမိတ်တပ်များအပေါ် ကိုယ်၊နှုတ်အမူအရာဖြင့် ရိုင်းပျစွာ စော်ကားသည့် အမှတ် ၁၂၂၂ တပ်ရင်းမှ ရဲဘော်များကို ခုံရုံးဖွဲ့စစ်ဆေးကာ ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
အမှတ် ၁၂၂၂ တပ်ရင်းသည် ပြည်သူတွေအပေါ် လိုက်နာရမည့် စည်းကမ်းများနှင့် တပ်တွင်း စစ်စည်းကမ်း ကျင့်ဝတ်များကို လေးစားလိုက်နာသော တပ်ဖြစ်ကြောင်း၊ ရဲဘော်အင်အား တိုးပွားလာသည်နှင့်အမျှ COC သက်ရောက်မှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုများရှိလာမည်ကို စိုးရိမ်သည့်အတွက် ရဲဘော်များ ကျင့်ဝတ်ဖောက်ဖျက်မှုရှိလာပါက တပ်ရင်း၏လူမှုကွန်ရက်စာမျက်နှာနှင့် တပ်ရင်းခေါင်းဆောင်များထံ လာရောက်တိုင်ကြားနိုင်ကြောင်း အမှတ်၁၂၂၂တပ်ရင်းက ထုတ်ပြန်ထားသည်။
“ ကျတော်တို့တပ်တည်ထောင်ခဲ့တာ သုံးနှစ်ကျော်ပြီ။ ပြည်သူတွေအပေါ် ဘာမှကျူးလွန်ခဲ့တာမျိုး မရှိသေးဘူး။ ကျတော်တို့တွေ ရှိနေတဲ့အပေါ်မှာ ပြည်သူတွေ စိတ်လုံခြုံမှုရနိုင်ဖို့ရယ်၊ တပ်ကို အသစ်ရောက်လာတဲ့ရဲဘော်တွေအတွက်လည်း အထိန်းသဘောအနေနဲ့ ထုတ်ပြန်တာပါ” ဟု အမှတ် ၁၂၂၂ တပ်ရင်း၊ တာဝန်ခံ ကိုနွယ်နီက MPA ကို ပြောသည်။
တပ်ရင်းရဲဘော်များအနေဖြင့် ၎င်းတို့လိုက်နာရမည့် စည်းကမ်းများကို ဖောက်ဖျက်မှုများရှိခဲ့ပါက ခုံရုံးဖွဲ့စစ်ဆေး၍ အနိမ့်ဆုံး ထိပ်တုံးခတ်သည့်ပြစ်ဒဏ်မှ အမြင့်ဆုံး ထောင်ဒဏ်ချမှတ်သည့်အထိ အပြစ်ပေးအရေးယူဖြစ်ကြောင်းလည်း ကိုနွယ်နီကပြောသည်။
ထို့ပြင် ၁၂၂၂ တပ်ရင်းသည် ၎င်းတို့အခြေစိုက်သည့် စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်များတွင် ကာကွယ်ရေးကိုသာမက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ပေးနေကြောင်း သိရ သည်။
“ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေတာတွေရှိတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုလည်း ပြည်သူတွေ စိတ်အေးစွာ လုပ်နိုင်အောင် ကာကွယ်မှုတွေလည်း ပေးနေပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးတိုင်းတွင် လွတ်မြောက်နယ်မြေများရှိလာပြီဖြစ်ပြီး တော်လှန်ရေးအရှိန် မြင့်တင်နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။