By Sayar Ngaat / MPA
မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးပြတ်လပ်မှုများဖြစ်ပေါ်မည်ကို နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှ စကာ ကျန်းမာရေးမကောင်း သဖြင့် ထောင်ဆေးရုံသို့ လာရောက်သည့် နိုင်ငံရေးအကျဉ်းသားများကို ဆေးဝါးများမပေးတော့ကြောင်း သာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ ဆေးခန်းပြတဲ့သူတွေကို ဆေးမပေးတော့တာ၊ ပါရာစီတမော့လိုမျိုး အကိုက်အခဲပျောက်ဆေးမျိုးကိုတောင် မပေးတဲ့ အခြေအနေ ဖြစ်နေတယ်။ တစ်ခုခုဖြစ်ရင်တောင် ပေးစရာမရှိတဲ့ အခြေအနေမျိုးဖြစ်နေမှာကို စိုးပါတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာပါဆယ်တွင် မြန်မာဆေးများကို ကန့်သတ်ထားပြီး အကျဉ်းထောင်အတွင်း ဆေးဝါးမလုံလောက်မှုများကြောင့် သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသားများလည်း ရှိနေသောကြောင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်နေရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အလားတူ မိတ္ထီလာအကျဉ်းထောင်အတွင်းတွင် သောက်သုံးရေး မသန့်ရှင်းမှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၁၅၀ကျော်သည် ယားနာရောဂါများဖြစ်ပွားနေသော်လည်း သက်တမ်းကုန်၊ မကုန် မသိနိုင်သည့် ဆေးဝါးများကိုသာ ပေးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ ဆေးကတ်လိုက်ပေးလိုက်တယ်ဆိုပေမဲ့ အဲဒီဆေးရဲ့ သက်တမ်းကုန်ရက်ကို မြင်ရတာဖြစ်တဲ့အတွက် အခုနောက်ပိုင်းဆိုရင် ဆေးလုံးတွေကိုပဲ ထုတ်ပြီး ပေးတယ်။ အဲဒီတော့ သက်တမ်းကုန်နေလား၊ မကုန်သေးဘူးလားဆိုတာ ခွဲခြားလို့မရအောင် အကျဉ်းထောင်ဘက်က လုပ်နေတာ ရှိပါတယ် ” ဟု ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အောက်တိုဘာ ကိုးရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်သည် လေဖြတ်ရောဂါဖြစ်ပွားခဲ့သော်လည်း လုံလောက်စွာ ဆေးကုသခွင့်မရှိခဲ့သောကြောင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။
အလားတူ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည်လည်း အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရမှုများကြောင့် အောက်တိုဘာလ ခုနှစ်ရက်တွင် သေဆုံးခဲ့ရသည်။
” တော်လှန်အရှိန်မြင့်လာတာနဲ့အမျှ နိုင်ကျဉ်းတွေအပေါ် စစ်တပ်က ဖိနှိပ်မှုတွေလည်း ပိုဆိုးလာတယ်။ စဖမ်းက တည်းက နိုင်ကျဉ်းတွေကို ရန်သူလို သဘောထားနေတာကြောင့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးလည်း ဘာတစ်ခုမှ မရကြပါဘူး။ အကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေကိုတော့ ကျတော်တို့အနေနဲ့ မေ့ထားလို့ မရပါဘူး ” ဟု အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၇ရက်က သရက်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် လုံလောက်စွာ ဆေးကုသခွင့် မရရှိခဲ့သည့်အတွက် သေဆုံးခဲ့ရပြီး အကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးဝါး စောင့်ရှောက်မှုမရမှုများကြောင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ တစ်ရက်မှ စက်တင်ဘာ ၃၀ရက်အထိ နိုင်ငံရေး အကျဉ်းသား ၁၂ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အောက်တိုဘာလ တစ်ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၆၁၀ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၀၆၄ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။