By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းသို့ အင်အားဖြည့်ရန် သွားသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာတစ်ရက်၊ နံနက် တစ်နာရီခွဲဝန်းကျင်တွင် ပေါင်းတည်မြို့နယ်၊ကျောက်ကြီးတောင် အထိုင်စခန်းမှ သစ်ပုတ်ကျေးရွာ စစ်တပ်အထိုင်စခန်းသို့ စစ်သား အင်အား ၄၀ခန့် ဖြင့်အင်အားဖြည့်တင်းရန်သွားသည့် စစ်ကြောင်းကို သစ်ပုတ်ကျေးရွာနှင့်ပျံချီတက်ရွာကြား၌ မိုင်း ကွင်းတစ်ကွင်းလျှင် မိုင်းနှစ်လုံးနှုန်းဖြင့် သုံးကြိမ်ဆွဲခဲ့ကြောင်းသိရသည်။
“စက်လတ်တွေ၊ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တာ အတော်ကြာတယ်။အစ်ကို တို့ဘက်ကတော့ ပြန်လည်ပစ်ခတ်တာမျိုးမလုပ်ဘူး။မနက် လေးခွဲလောက်မှာ ခွေးသေနဲ့ဒဏ်ရာရတွေကို ထမ်းပြီး သစ်ပုတ်ကိုဝင်သွားတယ် လို့သတင်းရတယ်” ဟု ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းမှ ထောက်လှမ်းရေးနှင့်သတင်းပြန်ကြား တာဝန်ခံက MPAသို့ပြောသည်။
သစ်ပုတ်တာဝါတိုင်စခန်းတွင် ထပ်ဖြည့်အင်အားအပါအဝင် စုစုပေါင်းစစ်သား ၆၀ခန့်ရှိပြီး ယနေ့(နို ဝင်ဘာနှစ်ရက်)နံနက်၌ စစ်ကြောင်းလှုပ်ရှားမှုမရှိကြောင်း သိရသည်။
“ဒဏ်ရာရတွေကိုလည်း သစ်ပုတ်စခန်းမှာပဲ ကုနေကြတယ်။မြို့ကို ပို့တာမရှိဘူး။သေတဲ့ကောင် ကိုတော့ သစ်ပုတ်မှာပဲ မြှုပ်မလားတော့ မပြောတတ်ဘူး။သစ်ပုတ်ရွာမှာလည်း ပြည်သူတွေ မနေကြတော့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊တပ်ခွဲ တစ်နှင့် တပ်ခွဲ ငါးတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။