By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခရေဖြူစစ်ဆေးရေးဂိတ်မှ ထွက်လာပြီး လမ်းပေါ်တက် ပိုက်ဆံတောင်းနေသည့် စစ်သားများကို PDF တပ်ဖွဲ့များက အနီးကပ်ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာအကြားရှိ သံလွင်မြန်မာဆီဆိုင်ရှေ့၌ လမ်းသွားလမ်းလာပြည်သူများကို ပိုက်ဆံကောက်နေသည့် အင်အား၂၀ ဝန်းကျင်ရှိ စစ်သားများအား ယနေ့ (နိုဝင်ဘာ တစ်ရက်) နံနက် ရှစ်နာရီမထိုးမီ၌ PDFတပ်ဖွဲ့များက အနီးကပ်ပစ်ခတ်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းက သတင်းထုတ်ပြန်သည်။
“ ဆီဆိုင်ကို ဝင်ထိုင်ပြီး ပိုက်ဆံတောင်းကြတာပေါ့။ ကျတော်တို့က အဲ့ဒါကို ချောင်းနေတာကြာပြီ။ ဖောကားနဲ့ နောက်ကလိုက်ပြီး ပစ်တာ။ ကိုယ့်ဘက်က အသာစီးနဲ့ ဖိပစ်တာဆိုတော့ ပြန်ပစ်နိုင်စွမ်းတောင်မရှိဘူး” ဟု မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးမှာ ဆေးရုံ၌သေဆုံးသွားပြီး တစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။
“ သုံးယောက်ကတော့ ဆေးရုံရောက်သွားတာပေါ့။ ချောင်းဦးဆေးရုံမှာ မနိုင်လို့ မုံရွာဆေးရုံထပ်ပြောင်းရတာပေါ့။ အဲ့မှာ ဆေးရုံကျ နှစ်ယောက်ထပ်သေတယ်။ ကျန်တဲ့တစ်ယောက်ကလည်း စိုးရိမ်ရတယ်ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ သံပြားကာကားနှစ်စီး ငါးယှန်ရွာသို့ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် သန်းပင်ကန်ကျေးရွာမှ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁တပ်ရင်း၊ Zayar Shwe Myay People’s Defence Force၊ နွေဦးလူငယ်People’s Defence Forceနှင့် တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။