By Garcia Ni / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်သို့ အသစ်ရောက်ရှိလာသော စစ်ကောင်စီဗျူဟာမှူးက ယောသူယောသားများကို စော်ကားခြိမ်းခြောက်သည့်စာများအား ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဂန့်ဂေါမြို့ရှိ စစ်ကောင်စီသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ကိုးရက်တွင် တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ပို့သည်ဟူသောစွဲချက်ဖြင့် ဂန့်ဂေါမြို့ပေါ်နေ အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးပြီးနောက် နောက်ဆက်တွဲဖမ်းဆီးမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ယင်းနောက် အဆိုပါခြိမ်းခြောက်စာများကို ဂန့်ဂေါမြို့ စစ်ကောင်စီဗျူဟာမှူးလှမျိုးထွဋ်က `ယောပေါပဒက်များနှင့် ပတ်သက်နေသော ဂန့်ဂေါမြို့တွင်းမှ အနီကြောင်များသို့ သတိပေးခြင်း´ဟူသောခေါင်းစဥ်ဖြင့် ၎င်း၏(Bamg Yaw)အမည်ဖြင့်ဖွင့်ထားသည့် Facebookစာမျက်နှာတွင် တင်ထားခြင်းဖြစ်သည်။
“ ဖမ်းခံရတဲ့နှစ်ယောက်က နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ကောင်လေးတစ်ယောက်ရဲ့ အမနဲ့ အဲ့ဒီတုန်းကကောင်လေးရဲ့ ရည်းစားဖြစ်ခဲ့တဲ့ကောင်မလေး၊ ဖမ်းတာကတော့ တော်လှန်ရေးအဖွဲ့တွေကိုထောက်ပို့လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ဖမ်းတာ” ဟု ဂန့်ဂေါမြို့စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းရင်းမြစ်က MPAကိုပြောသည်။
MPA၏ စုံစမ်းချက်အရ ဖမ်းဆီးခံရသူများမှာ နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့သည့် ရဲဘော်ဝေယံအောင်၏ အမ ဖြစ်သူ မခိုင်မီမီဦးနှင့် မဂျူးဟေမာန်တို့ဖြစ်ကြောင်း သိရသည်။
ရဲဘော်ဝေယံအောင်သည် ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ၏ ကားတန်းများအား မိုင်းခွဲတိုက်ခိုက်ရန်ပြင်ဆင်စဥ် မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“ သူ့အမတွေဖမ်းခံရပြီး နောက်နေ့မှာ စည်ပင်သင်္ချိုင်းမှာရှိတဲ့ ဝေယံအောင်ရဲ့အုတ်ဂူနဲ့ တခြားတစ်ယောက်ရဲ့အုတ်ဂူကို စစ်တပ်ကသွားပြီးဖျက်ဆီးတယ်လို့သိရတယ်” ဟု ဂန့်ဂေါမြို့ပေါ်မှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
မခိုင်မီမီဦးနှင့် မဂျူးဟေမာန်တို့အဖမ်းခံရပြီးနောက် စစ်တပ်က ဂန့်ဂေါမြို့ပေါ်ပြည်သူများကို ဆက်တိုက်ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူ ခုနှစ်ဦးဝန်းကျင်ရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ဖမ်းဆီးခံရသူများ စစ်ဆေးမေးခြင်းနှင့်ပတ်သက်၍ ဂန့်ဂေါမြို့ခလရ၅၀တပ်မှ ဗျူဟာမှူးက ၎င်း၏ Facebook စာမျက်နှာတွင် သရော်လှောင်ပြောင်၍ တင်နေခြင်းဖြစ်သည်။
“ အတော်တော့မလွယ်၊ ယောသမတွေကပြုစားတတ်တယ်။ ဖျာနဲ့ဖင်ခွာမရလို့ မောင်ကြီးထမပြန်နိုင်ဆိုတာ ဒါမျိုးတွေဖြစ်မယ်။ ဒါမဲ့ ငါကားပြည်တွင်းစာရင်းကိုစာမဖွဲ့၊ ပြည်ပ(၄)နိုင်ငံမှာ မိန်းမပေါင်း၂၀၀ ကျော်ကို သုတေသနပြုလာတဲ့သူ။ နင်တို့လောက်တော့တောက်ချပစ်မယ်။ ငါရောက်လာတာ ဂန့်ဂေါမတွေကံမကောင်းရှာဘူး။ ဆိုးစက်ပဲ” ဟု ဗျူဟာမှူးလှမျိုးထွဋ်က ၎င်း၏ Bamg Yaw Facebook စာမျက်နှာတွင်တင်ထားသည်။
စစ်ကောင်စီဗျူဟာမှူး လှမျိုးထွဋ်သည် ဂန့်ဂေါမြို့ခလရ(၅၀)တပ်သို့ ၂၀၂၄ခု၊ ဇူလိုင်လအတွင်းက ပြောင်းရွှေ့လာခြင်းဖြစ်သည်။
ထို့နောက် ဖမ်းဆီးခံထားရသည့် ဂန့်ဂေါမြို့ပေါ်မှ အမျိုးသမီးများကို ၎င်းက မန်ကျီးသီးမဟု အမည်ကင်ပွန်းတပ်ထားကြောင်း၊ PDFများနှင့်ပတ်သက်ကြောင်းသိသည်နှင့် ဖမ်းဆီးမည်ဖြစ်ကြောင်းနှင့် CDMများ သတိထားနေကြရန်ကိုလည်း စစ်ကောင်စီဗျူဟာမှူးလှမျိုးထွဋ်က ခြိမ်းခြောက်ရေးသားထားသည်။
ယင်းအပြင် ၎င်းတို့အနေဖြင့် ဒုတိယအသုတ်အဖြစ် ဂန့်ဂေါမြို့ပေါ်နေပြည်သူများကို ဖမ်းဆီးထားပြီဖြစ်ပြီး ဖမ်းဆီးခံရသူများလာသည်နှင့်အမျှ ယာဥ်အတွက်ဒီဇယ်၊ ကျွေးမွေးရသည့်စရိတ်များမတတ်နိုင်တော့ကြောင်း လှောင်ပြောင်ထားသည်။
“ သို့ဖြစ်ပါ၍ သင်တို့သင်တို့သည် တတိယအုပ်စုထဲတွင် ပါဝင်လာနိုင်ပါက ပရီမီယံဒီဇယ် နှစ်ဂါလံ၊ ဆန်နှစ်ပြည်၊ ဟင်းဖိုးငွေ သုံးသောင်းကျပ်၊ အဝတ်အပိုနှစ်စုံ၊ မိမိတကိုယ်ရည်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့အား အသင့်ထုပ်ပိုးပြီးစောင့်နေကြရန် အသိပေးပါသည်” ဟု ၎င်းကဆိုထားသည်။
ဂန့်ဂေါမြို့ပေါ်တွင်မူ စစ်ကောင်စီအင်အားမှာနည်းပါးနေပြီး မြို့တွင်းကင်းပတ်ခြင်းကိုပင် လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ရဲများသာလျှင် တခါတရံကင်းပတ်ခြင်းကို လုပ်ဆောင်နိုင်ကြောင်း ဂန့်ဂေါမြို့ပေါ်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။