By Nway / MPA
ယခုနှစ် ၁၀လအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျဆုံးမှုသည် ၂၀၂၃ခုနှစ် တစ်နှစ်လုံးထက် ပိုများကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၇ဦး ကျဆုံးခဲ့ပြီး ယခုနှစ် ဆယ်လအတွင်းမှာပင် နိုင်ငံရေးအကျဉ်းသား ၁၈ဦးအထိ ကျဆုံးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။
“ သေဆုံးမှုတွေ ပိုများလာရတာက ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမရတာတွေကြောင့်ပါ။ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လိုမျိုး ပုဂ္ဂိုလ်တွေကအစ သေဆုံးခဲ့ရတယ်။ အကျဉ်းဦးစီးအနေနဲ့ အကျဉ်းသားတွေကို အသက်ရှင်သန်ဖို့ကို အာမခံဖို့လိုအပ်တယ်။ ဒါကြောင့် ကျတော်တို့တောင်းဆိုနေတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင်၊ ကိုသိုက်ထွန်းဦးက MPA ကိုပြောသည်။
အောက်တိုဘာအတွင်း နိုင်ငံရေးအကျဉ်းသား လေးဦး ကျဆုံးခဲ့ပြီး ယခုနှစ်၌ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
“ မနေ့ကတင် နိုင်ကျဉ်းတစ်ဦး ထပ်မံကျဆုံးခဲ့တယ်။ ဒီတော့ တစ်လချင်းစီမှာဆိုရင် အောက်တိုဘာလမှာ သေဆုံးမှုအများဆုံးလို့ ပြောလို့ရတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
၁၀လအတွင်း ကျဆုံးသည့်နိုင်ငံရေးအကျဉ်းသား ၁၈ဦးအနက် ဒိုက်ဦးထောင်မှ သုံးဦးသေဆုံးခဲ့ပြီး အများဆုံးဖြစ်ကာ ကျိုက်မရောထောင်နှင့် သရက်ထောင်တို့မှ နှစ်ဦးစီသေဆုံးခဲ့ကာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။