By Bywar Oo / MPA
စားဆီစာအုပ်ဖြင့် ရပ်ကွက်အတွင်းရှိ ဆီကိုယ်စားလှယ်ဆိုင်များတွင် ရောင်းချပေးနေသော်လည်း စားအုန်းဆီမှောင်ခိုဈေးကွက်၌ ကျပ်တစ်သောင်းအထက်တွင်ရှိနေပြီး လက်ရှိအချိန်ထိ ဈေးမကျသေးကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ဆီစာအုပ်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ပြုလုပ်ပေးခဲ့ပြီး ဆီတန်တန်းစီသည့် အခြေအနေ ပပျောက်ရန် စစ်ကောင်စီက လုပ်ဆောင်ခဲ့သော်လည်း စားဆီသုံးဆွဲမှု များပြားခြင်းနှင့် ၎င်းတို့ရောင်းချပေးသည့် ပမာဏ နည်းလွန်းသည့်အတွက် မှောင်ခိုစျေးကွက်ကိုသာ အားထားနေရသေးကြောင်း စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“စာအုပ်နဲ့ရောင်းတယ်ဟုတ်ပြီ ရပ်ကွက်ထဲတော့ တန်းစီသူတွေနဲ့ မျက်စိမရှုပ်တော့ဘူးပေါ့လေ၊ ဒါပေမဲ့ တစ်ပတ်မှာ တစ်ခါ၊ တစ်ခါကိုမှ ငါးဆယ်သားပဲရတာ ၊ တစ်လ ကို နှစ်ပိဿာလေ ဘယ်လိုလောက်မလဲ၊ လိုသလောက် ဝယ်မရတော့ မှောင်ခိုပဲ ပြန်လှည့်ရတာလေ၊ တစ်သောင်းခွဲဆိုလည်း ဝယ်ရတာပဲ၊ အခုထိ တစ်သောင်းအောက် မလျော့သေးဘူး။ စားသောက်ကုန်လုပ်ငန်း လုပ်သူတွေအတွက်ဆို သူတို့ပေးနေ ရောင်းနေတဲ့ပမာဏက ဘာမှလုပ်မရဘူး။ အဲ့ဒီတော့ ဝယ်လိုအား ရောင်းလိုအားမမျှတော့ မှောင်ခိုကိုပဲ ချိတ်ထားရတယ်” ဟု ၎င်းက ပြောသည်။
မှောင်ခိုဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေ ပြီး တစ်နေရာနှင့် တစ်နေရာ ဈေးနှုန်းမတူသကဲ့သို့ ဝယ်ယူရသည်မှာလည်း မလွယ်ကူကြောင်း အိမ်ရှင်မ အများစု ထံ မှ သိရသည်။
“အခုဝယ်တာ ၁၃၀၀၀ ဈေး၊ ဒါတောင် လိုသလောက်မရဘူး။ လိုချင်ရင်လည်း မနည်းလိုက်ဝယ်နေရတယ်။ စာအုပ် နဲ့ ပေးတာလည်း ရသလောက်ဝယ်ထားရတယ်။ တစ်ခါတစ်လေ မအားတာနဲ့ သူတို့ပေးတဲ့အချိန် သွားမ ထုတ်မိရင် လွတ်သွားတာပေါ့၊ အဲ့ဒီအချိန်ဆို အပြင်မှောင်ခိုကဝယ်ထားတာနဲ့ ချက်စား၊ မှောင်ခိုကလည်း မဝယ် လို့မရ ဝယ်ထားရတယ်။ ချွေတာစားတာတောင် အနည်းဆုံးဆီက တစ်လကို အမတို့အိမ်မှာ ၃ ပိဿာလောက် ကုန်တယ်” ဟု အသက် ၅၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
အရောင်းဆိုင်များ၌ ဆီ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသည့် အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီကို မိသားစု တစ်စု တစ်လစာဝယ်ယူနိုင်ရန်နှင့် အိမ်တိုင်ရာရောက်အရောက်ပို့စနစ်ဖြင့် ဇူလိုင်လ ၃၁ ရက်ကစတင်ကာ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း MEODA က ရောင်းချပေးခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွင်း ခရိုင်အလိုက် Call Center များထားရှိပြီး ဆက်သွယ်ဝယ်ယူ နိုင်ကြောင်း ကြေညာထားသော်လည်း နှစ်လကြာသည်အထိ ဖုန်းဆက်သွယ်မရသည့်သူ အများအပြားရှိ နေသေးကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက “သူတို့ အဲ့ဒီလိုကြေညာကတည်းက ဖုန်းဆက်တာ အခုထိပဲ ရမလားလို့ တစ်ခါမှ ဖုန်းက မဝင်ဘူး။ တစ်ခါတော့ ပြောပါသေးတယ် ခေါ်ယူမှုများလို့တဲ့၊ မများလည်း ခေါ်မရတာပါဘဲ ဖုန်းဝင်ဖို့ ကံစမ်းမဲ နှိုက်ရသလိုပဲ၊ အခုထိလည်း အဲ့ဒီကနေတစ်ခါမှ ဝယ်မရသေးဘူး” ဟု ဆိုသည်။
ထို့ပြင် အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူ၍ ရသည့်သူများမှာလည်း ပို့ဆောင်ခ ရှင်းရမည်ဟု ကြေညာထားသော်လည်း အမှန်တကယ်လာရောက်ပို့ဆောင်ရာတွင် အိမ်ထိအရောက်မပို့ဘဲ စုရပ်လိုနေရာ မျိုးတွင် ထွက်ယူနေရသည်ဟု ပြောကြသည်။
ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများ အရ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၃၂၀ ဖြစ်ကြောင်း MEODA ထံမှ သိရသည်။