By Ko Paing / MPA
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အရှေ့ခြမ်း၊ အိုးမြေဒူးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ခုနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် အိုးမြေဒူးကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် အောက်တိုဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်မှ ညနေ ခြောက်နာရီအထိ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တောင်းမြစ်ဝှမ်း-ရေတာရှည်ပူးပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
“၃၀ ရက်နေ့ကတော့ တစ်နေကုန်ပဲ ပစ်လိုက်၊ရပ်လိုက်။ညနေမှောင်တဲ့အထိပဲ။ရွာသစ်ရွာကနေ စစ်ကြောင်းထိုးလာတာတဲ့ စစ်ကြောင်းနဲ့ထိတွေ့ဖြစ်တာ။စစ်တပ်ဘက် ခုနှစ်ကောင်သေတယ်။ ဒဏ်ရာရတွေရှိတယ်။ကျတော်တို့ဘက်က သုံးဦးထိခိုက်တယ်။စစ်ကြောင်းက ရွာသစ်အထိုင်စခန်း ကိုပဲပြန်ဆုတ်သွားတယ်” ဟု ကီကူစစ်ကြောင်းမှ ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ပွဲအတွင်း နေပြည်တော်-၈၀၁ တပ်ရင်းမှ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
အောက်တိုဘာ၃၁ရက်၊နံနက်ပိုင်းမှ စတင်ကာ ရွာသစ်ရွာအခြေစိုက် စစ်သားများနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ကွမ်းအုံရွာအခြေစိုက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သေးကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ ဒရုန်းမစ်ရှင်ဆိုတော့ အသေးစိတ်မသိရသေးဘူး” ဟု ၎င်းကဆက် လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို စစ်တောင်းမြစ်ဝှမ်း-ရေတာရှည်ပူးပေါင်းစစ်ကြောင်းမှ ကီးကူစစ်ကြောင်း၊ပုဝါနီစစ်ကြောင်း၊ နေပြည်တော်တပ်ရင်း ၈၀၁ ၊ ၈၀၂ ၊ ၉၀၁ နှင့်ရေတာရှည်မြို့နယ်ပကဖတို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။