By Maung Dagon / MPA
ရန်ကုန်တိုင်း၊ ဗဟိုအမျိုးသမီးဆေးရုံရှိ တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် ခိုးယူခံခဲ့ရသည့် မွေးကင်းစ ကလေးငယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကလေးငယ်သည် အောက်တိုဘာ ၃၀ရက်၊ နံနက် လေးနာရီခန့်တွင် ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး၊ အောက်တိုဘာ ၃၁ရက် ညနေပိုင်း၌ သင်္ဃန်းကျွန်း င/က ရပ်ကွက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ သင်္ဃန်းကျွန်းဘက်မှာ ကလေးကိုပြန်တွေ့ပြီလို့ ကြားတယ်။ အခုမိသားစုဝင်တွေနဲ့ တာဝန်ရှိသူတွေ သွားနေကြပြီ “ ဟု ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ပျောက်ဆုံးခဲ့သည့် ကလေးငယ်သည် မွေးဖွားပြီးနောက် အသားဝါရောဂါ ဖြစ်နေသည့်အတွက် ကူသမှုများ ပြုလုပ်ရန် ထားသည့် အဆောင်၌ ရှိနေစဉ် ခိုးယူခံခဲ့ရခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ကလေးခိုးယူခံရပြီးနောက် ဗဟိုအမျိုးသမီးဆေးရုံရှိ CCTV မှတ်တမ်းများကို ကြည့်ရှု့ရာ ကလေးခိုးယူခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်ြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားကြောင်း သိရသည်။
“ ကလေးခိုးသွားတဲ့ အမျိုးသမီးကို ကလေးမိဘတွေက လုံး၀မသိပါဘူး။ လူနာစောင့်လိုလုပ်ပြီး လာခိုးသွားတာပါ၊ အသိတွေဆိုတာ မဟုတ်ပါဘူး ” ဟု ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။
ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံ၌ ယခုကဲ့သို့ ကလေးခိုးယူမှု ဖြစ်ပွားရခြင်းသည် ဆေးရုံတာဝန်ရှိသူများ၏ ပေါ့လျော့မှုကြောင့် ဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။
“ ဆေးရုံတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား တောင်းပန်သင့်တယ်။ ဒါက လုံး၀ သူတို့အမှားဘဲ၊ ကလေးက အထူးကုဆောင်ကနေ မနက်လေးနာရီကြီး ပျောက်သွားတာ၊ အခုထိတော့ တရားဝင် တောင်းပန်တာ မတွေ့ရသေးဘူး “ ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ထောက်ပြသည်။
ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံသည် ဂျမခါနာဟု လူသိများသော ဆေးရုံဖြစ်ပြီး ဆေးရုံမှ သူနာပြုများနှင့် ဆရာဝန်များ၏ ဆက်ဆံရေး အဆင်မပြေမှုများနှင့် ဆေးရုံ၏သန့်ရှင်းရေး အားနည်းမှု ပြဿနာများကြောင့်လည်း လူသိများသည်ဟု သိရသည်။
” ငွေပေးမှ မျက်နှာချိုတာ၊ ပြီးတော့ ဆေးရုံသာဆိုတယ် အိမ်သာတွေ သွားကြည့် ညစ်ပတ်စုတ်ပြတ်နေတာပဲ” ဟု အဆိုပါ ဆေးရုံ၌ မီးဖွားခဲ့ဖူးသူ တစ်ဦးက ပြောသည်။
ခိုးယူခံရသည့် ကလေးငယ်မှာ မွေးဖွားပြီး ကိုးရက်အကြာတွင် ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး မိဘများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နေထိုင်သူများဟု သိရသည်။
လက်ရှိတွင် ကလေးငယ်မှာ ဆေးရုံသို့ ပြန်ရောက်လာပြီ ဖြစ်သော်လည်း ကုသစဲ အသားဝါ ရောဂါမှာ ပျောက်ဆုံးနေချိန်အတွင်း မိခင်နို့ မသောက်ရသဖြင့် ပြန်ဖြစ်လာရာ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ကာ ကုသမှုခံယူထားရသည်ဟု သိရသည်။
“ အခု ကလေးက အသားဝါ ပြန်ဖြစ်လာလို့ ICU ထဲ ပို့ထားရတယ်။ မိခင်နို့ မသောက်ရတော့ ဖြစ်တာပါ” ဟု ရန်ကုန်ဗဟိုအမျိုးသမီး ဆေးရုံမှ သူနာပြုတစ်ဦးနှင့် သိကျွမ်းသူတစ်ဦးက ပြောသည်။
“ တိုင်းမှူးတွေပါ ဆင်းလာတာပဲ။ ကျတော်တို့ကို တော်တော်ဖိအားပေးတာ။ တော်သေးတယ် ပြန်တွေ့လို့” ဟု အမည်မဖော်လိုသူ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် ဆေးရုံတာ၀န်ရှိသူများ အပေါ် မည်သို့ အရေးယူမည်ကိုမူ မသိရသေးဘဲ အရေးယူမှုများ မရှိပါက စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလျက် ရှိသော တာ၀န်ယူမှု တာ၀န်ခံမှု မရှိသည့် ပြဿနာများထဲမှ တစ်ခုအဖြစ် ထပ်မံ ဖြစ်လာနိုင်ကြောင်း သိရသည်။