By Blackpanda / MPA
တနင်္သာရီတိုင်းတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် ကိုးလအတွင်း ပြည်သူ ၉၄ဦးသေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းအတွင်းရှိ အရပ်သားပြည်သူများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် အထက်ပါအတိုင်း ဒေသခံ သေဆုံးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာတွင် သေဆုံးခဲ့သူအများဆုံးဖြစ်ကြောင်း ပဋိပက္ခများနှင့် လူမှု့စီးပွားဘဝများကို မှတ်တမ်းတင်သုတေသနပြုနေသော အဖွဲ့အစည်း FE5တနင်္သာရီမှ ကိုကျော်ဆန်းမင်းကပြောသည်။
“ စက်တင်ဘာလမှာ သေဆုံးတာ ၁၇ယောက်နဲ့ အများဆုံးဖြစ်တယ်။ အဓိက စစ်ကြောင်းတွေထိုးပြီး ရွာတွေထဲဝင်တယ်။ တချို့ကို ပစ်သတ်ပြီး တချို့ကိုတော့ ဖမ်းခေါ်သွားတဲ့ လမ်းမှာ သတ်ခဲ့တာမျိုးတွေလည်းရှိတယ်။ ပြောရရင်တော့ ရည်ရွယ်ချက်ရှိရှိ သတ်တာမျိုးပေါ့” ဟု ကိုကျော်ဆန်းမင်းက ပြောသည်။
ထိုကဲ့သို့ ကိုးလအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ပြည်သူ ၉၄ဦးသည် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်သုံးခုအနက် ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့မှ ဖြစ်ကြောင်း ကိုကျော်ဆန်းမင်းက ဆိုသည်။
ယခုကဲ့သို့ အရပ်သားပြည်သူများ သေဆုံးမှုများပြားရခြင်းသည် တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီက အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဓိက လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်လို့ သေတာကတော့ အများဆုံးပါ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီး လမ်းမှာ သတ်တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ် “ ဟု ၎င်းက ပြောသည်။
ထို့ပြင် စက်တင်ဘာလအတွင်းကလည်း လောင်းလုံမြို့နယ်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သည့်အပြင် ယခုလအတွင်းတွင်လည်း စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
“ ရွာထဲ စစ်ကြောင်းထိုးလာပြီလို့ သတင်းရတာနဲ့ ပြေးရတာပဲ၊ မဟုတ်ရင် အသတ်ခံရရင်ခံရ၊ မခံရရင် လူသားဒိုင်း အဖြစ်ဖမ်းခံရတယ် ” ဟု လောင်းလုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ၇၇ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ခြောက်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့် လေးလကျော်မှစတင်ကာ စစ်ကောင်စီသည် တစ်နေ့လျင် ပျမ်းမျှ တစ်နေ့ ခုနှစ်ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် ပျက်စီးမှုများသည် ပုံမှန်ကဲ့သို့ဖြစ်နေသည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၄ရက်တွင်ပြုလုပ်သည့် ၇၉ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့်ပြည်သူ လေးသန်းနီးပါးရှိကြောင်း ISP-Myanmar ၏ စစ်တမ်းအရသိရသည်။