By Mandy / MPA
စစ်ကိုင်းကိုင်း ၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များက မြေပြင်စစ်ကြောင်းထိုး၍ ကျေးရွာ နှစ်ရွာအား မီးရှို့ခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၃၀ရက်တွင် ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ အင်အား ၁၀၀ခန့်ပါသည့် ကားသုံးစီးဖြင့် ကာဘိုးကျေးရွာ ပျူအထိုင်စခန်းသို့ ရောက်ရှိပြီး ကာဘိုးကျေးရွာမှတဆင့် ခြေလျင်စစ်ကြောင်းဖြင့် အိုင်ပေါင်းချောင်ရွာသို့ ကနဦးဝင်ရောက်ခဲ့ကာ၊ ထိုမှတဆင့် ကျီစုရွာနှင့် ကျောက်တိုင်ရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ အိုင်ပေါင်းချောင်ရွာက ပြည်သူတွေကို PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ခေါ်သွးတယ်လို့သိရတယ်။ ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကိုပါ ဖမ်းပြီး လူသားဒိုင်းလုပ်တယ်။ အဲ့ဒီကနေ ကျီစုရွာကို Drone နဲ့ဗုံးကြဲပြီး စစ်ကြောင်းထိုးဝင်ရောက်ပြီးမှ ရွာကို မီးရှို့တာ” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က MPA ကိုပြောသည်။
ထို့ကဲ့သို့ စစ်ကောင်စီက ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ကို မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးခဲ့ရသည့်အပြင် ရေဦးမြို့နယ်၊ အိုင်ပေါင်းချောင်ကျေးရွာနှင့် ခင်ဦးမြို့နယ် မုံလှကျေးရွာများကိုလည်း Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထူးခန့်ဇော်(အမေ့သား)က ဆက်လက်ပြောသည်။
“ကျောက်တိုင်နဲ့ ကျီစုကို မီးရှို့တဲ့ စစ်ကြောင်းက ဒရုန်းနဲ့လည်း ၁၁ကြိမ်လောက်ကြဲတယ်။ လက်ရှိ အဖမ်းခံထားရတဲ့ ပြည်သူက ၃၁ဦးရှိတယ်။ အိုင်ပေါင်းချောင်ရွာကနေ ဖမ်းသွားတာပါ၊ အဖမ်းခံရတဲ့သူတွေကို ၆၀၀၆ ထဲကို ခေါ်သွားတာ နောက်ဆက်တွဲ သတင်းမရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ မီးရှို့ခဲ့သည့် ကျီစုရွာသည် အိမ်ခြေ ၉၀၀ခန့်ရှိပြီး ယခင်ကလည်း စစ်တပ်က နှစ်ကြိမ်မီးရှို့ခဲ့သည့်ကျေးရွာဖြစ်ကာ နေအိမ် ၆၆၆လုံးနှင့် ဗလီတစ်လုံးပျက်စီးခဲ့သေးသည်။
ထို့ပြင် ကျောက်တိုင်ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့စဉ်က နေအိမ် ၁၇၃လုံးနှင့် ဆွမ်းစားဆောင်တစ်လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
“ကန့်ဘလူနယ်ကို ရှင်းလင်းရေးလုပ်မယ်ဆိုပြီး သူတို့ဘက်က ချန်နယ်တွေမှာ သတိပေးချက်တော့ တွေ့တယ်။ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာအပြင် အပြစ်မဲ့ပြည်သူတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတော့ လွန်တာပေါ့၊နောက်ဆို စစ်ကြောင်းဆိုတာနဲ့ ဝေးဝေးကကို ရှောင်သင့်တယ်” ဟု ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းကျေးရွာမှ ရွှေဘိုမြို့တွင် စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးနေမှုကြောင့် ကျီစု၊ ကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ အောင်ချမ်းသာ၊ ယင်းတိုက်၊ ပင်စိမ်းခင်း၊ မုံလှကျေးရွာများမှ ပြည်သူ ငါးထောင်ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီနှင့် ပျူစောထီး အားကောင်းသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကြောင်းများမကြာခဏထိုးကာ ပြည်သူပိုင်နေအိမ်များအား မကြာခဏမီးရှို့ဖျက်ဆီးလေ့ရှိသည်။ ဇူလိုင်လနှင့် ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီနှင့်ပျူပူးပေါင်းတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြို့နယ်တွင်းရှိ ကျေးရွာ (၁၂)ရွာ မှ နေအိမ် (၄၀၀)ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
ထို့ပြင် တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုကာ အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများကြောင့် အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်တွင် ပြည်သူ ကိုးဦးသေဆုံးခဲ့ရသည်။
ကန့်ဘလူမြို့နယ်သည် ဘုန်းကြီးဦးဝါသ၀ဦးဆောင်သည့် ပျူစောထီးများ အင်အားကောင်းသည့် နေရာတစ်ခုဖြစ်ပြီး ၎င်းတို့သည့် စစ်တပ်နှင့် ပူးပေါင်းကာ ကန့်ဘလူမြို့နယ်အပြင် ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ကောလင်းမြို့နယ်များကို မကြာခဏ စစ်ကြောင်းထိုးခြင်း၊ လုယက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။