By PoeSangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လောင်းကစားရုံနှင့် မူးယစ်ဆေးဝါးပိုမိုပေါများလာပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် လူသတ်မှု ပိုမိုဖြစ်ပွားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၉ရက်ကလည်း မူဆယ်မြို့၊ ရွှေလီမြစ် သဲကျင်းအနီး စွန့်ပစ်ခံထားရသည့် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့သည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ မူဆယ်မှာ ဂိမ်းဆိုင်တွေ၊ လောင်းကစားဝိုင်းတွေ အရမ်းပေါလာတယ်။ ရေတွက်လို့တောင်မနိုင်ဘူး။ ပြီးတော့ နယ်စပ်မြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးလည်း အရမ်းပေါတယ်။ တချို့က လောင်းကစားကြောင့် အသတ်ခံရတာ၊ တချို့က မူးယစ်ဆေးဝါးကြောင့် အသတ်ခံရတာ၊ ပြီးတော့ ဆေးလွန်ပြီး လမ်းဘေးမှာ သေတာတွေလဲရှိတယ်။ အဲ့ဒါတွေကြောင့် တစ်လတစ်လ လမ်းဘေးမှာသေတဲ့သူက အနည်းဆုံး ငါးလောင်းကနေ ဆယ်လောင်းလောက်ရှိတယ်” ဟု ၎င်းကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အချိန်မှစတင်ကာ မူဆယ်မြို့တွင် လောင်းကစားရုံများ၊ ဂိမ်းဆိုင်များ အဆမတန်များပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ လောင်းကစားရုံများ၊ ဂိမ်းဆိုင်များနှင့် မူးယစ်ဆေးဝါးပေါများနေမှုများကြောင့် မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်မှစတင်ကာ တစ်လလျှင် ဓားပြမှုနှင့် ပြန်ပေးဆွဲမှု အနည်းဆုံး ငါးကြိမ့်ခန်ဖြစ်ပွားကြောင်း ဒေသခံများကဆိုသည်။
“ မူဆယ်မှာ အသတ်ခံရတဲ့သူတွေ အများဆုံးက မူးယစ်နဲ့ ပတ်သက်တဲ့သူတွေများတယ်။ ရွှေလီမြစ်နားမှာ တွေ့တဲ့ အလောင်းနှစ်လောင်းမှာဆို မျက်နှာမှာထိုးခံထားရတဲ့ဒဏ်ရာတွေ၊ လည်ပင်းညှစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေတွေ့ရတယ်” ဟု မူဆယ်မြို့ရှိ နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်ကလည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း၊ မူဆယ်မြို့အတွင်း တွေ့ရှိသည့် ပိုင်ရှင်မဲ့ အလောင်းအများစုကို နှလုံးလှ ပရဟိတအသင်းက သယ်ဆောင်ပေးကာ မူဆယ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပိုဆောင်ပေးမှုများ ပြုလုပ်ပေးကြောင်းလည်း အဆိုပါ အသင်းထံမှ သိရသည်။
“ မူဆယ်မှာက နေ့တိုင်းလိုလို အခိုးခံရတာ၊ ဓားပြတိုက်ခံရတာတွေရှိတယ်။ ဒါပေမဲ့ အရေးယူပေးတဲ့သူမရှိတော့ ပိုပိုဆိုးလာတယ်။ ငွေကြေးကြီးကြီးမားမား ဆုံးရှုံးသွားတာမဟုတ်ရင် လိုင်းပေါ်မတင်ကြတော့ဘူး။ အကူအညီလည်း မတောင်းကြတော့ဘူး။ ပြီးတော့ မူဆယ်မြို့မှာ လုပ်ငန်းရှင်သူဌေးကြီးတွေ မရှိတော့တဲ့အတွက် ပြန်ပေးဆွဲမှုတော့ နည်းသွားတယ်” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်ကလည်း မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်ရှိ သိန်းသန်းချီ ကာကွင်းအနီး အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ရုတ်သတ်ကာ အလောင်းဖျောက်ရန်ကြိုးစားစဉ် ဒေသခံများက ဖမ်းဆီးနိုင်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို မြောင်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့ ပတ်ပတ်လည်ကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။