By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ငွေတောင်းရမ်းနေသည့်စစ်အုပ်စုဝင်များ ပစ်ခတ်ခံရပြီး ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၃၁ရက်) နံနက် ရှစ်နာရီကျော်တွင် တောင်သာမြို့နယ်၊ ရုံစည်ကြီးရဲစခန်းနှင့် မီတာ ၈၀၀ခန့် ဝေးသည့် တောင်သာ-မိတ္ထီလာလမ်းပေါ်၌ ငွေထွက်ကောက်သည့် စစ်အုပ်စုဝင် ၂၀ဝန်းကျင်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ်ပကဖထံက သိရသည်။
“ သုံးကောင်လောက်က အထွက်ပြ စစ်ပြီး ၁၅ယောက်လောက်က ဘေးပတ်ပတ်လည်မှာ ဝပ်နေ တာဗျ။ အဲ့သုံးကောင်ကို အနီးကပ်ဝင်ပစ်တာ။ ကျတော်တို့က ရှောင်တခင်ဆိုတော့ ပစ်ချိန်က ငါးမိ နစ်လောက်ပဲကြာတယ်။ ကိုယ့်ကစပစ်တော့ မှောက်တဲ့ကောင်ကမှောက်၊ပြေးတဲ့ ကောင်ကပြေးတာ ပေါ့” ဟု တောင်သာမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် PDFတို့၏ ပစ်ခတ်မှုကြောင့် ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နောက် ထပ် သေဆုံးသည့်သတင်းပေးမှာ စစ်အုပ်စုဝင်တို့ ပစ်ခတ်သည့် ကျည်ဆန် ထိမှန်ခြင်း ဖြစ်ကြောင်း သိရသည်။
“ တစ်ယောက်ကပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်က ဆေးရုံရောက်ပြီး သေသွားပြီပြော တယ်။ဒလန်မောင်မြင့်က ပစ်မှတ်နားကို ကပ်တဲ့အချိန်မှာ ဒီဘက်ကို လက်ညှိုးထိုးပြီးလှမ်းပြောတာ ပေါ့။ PDFတွေလာပြီဆိုပြီး။ ဟိုဘက်က (စစ်ကောင်စီ) ပြန်ပစ်တဲ့ကျည်က သူ့ကိုမှန်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော် လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ လက်နက်ကြီးတစ်လုံးပစ်တယ်ဗျ။ စက်ကလေးတော့ ရပ်ကိုမရပ်ဘူး။ တောက်လျှောက်ပစ်တာ။ ၁၀မိနစ်၊ ၁၅မိနစ်လောက်ထိပစ်တာ” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၂၇ရက်တွင် ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးနှင့် ရဲတပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး အဆောက်အအုံ သုံးခုပျက်စီးခဲ့ကြောင်းသိရသည်။
ယနေ့တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပလဖ၊နေပြည်တော် ၈၀၁တပ်ရင်း၊ စဉ့်ကိုင်မြို့နယ်ပကဖ၊ မိတ္ထီလာမြို့နယ်ပကဖနှင့် ကျောက်ပန်းတောင်းမြို့နယ်ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။