By Jar Seng / MPA
ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဝတ်ပြုခွင့်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ကန့်သတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများစုကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် မြို့နယ်များတွင် ဒေသခံများကို ဖိနှိပ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်နေမှုများအနက် စစ်တွေမြို့ရှိ လူနည်းစု ခရစ်ယာန်ဘာသာဝင်များ၏ သင်္ကေတအမှတ်အသားနှင့် ဝတ်ပြုကိုးကွယ်မှုများကို ကန့်သတ်မှုများ ပြုလုပ်လာခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလက စစ်တွေမြို့ရှိ ခရစ်ယာန်အသင်းတော်တစ်ခုတွင် ဘုရားကျောင်း၏ ခေါင်းမိုး၌ လက်ဝါးကပ်တိုင်တပ်ဆင်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အဆိုပါ လက်ဝါးကပ်တိုင်ကို ဖြုတ်ချရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ လက ဘုရားကျောင်းမှာ လက်ဝါးကပ်တိုင်တပ်ဖြစ်တယ်။ ကျတော်တို့ ခရစ်ယာဉ်တွေရဲ့ အထွတ်အမြတ်ထားရာ သင်္ကေတတစ်ခုပါ၊ ပြီးတော့ ဒီနေရာမှာ ခရစ်ယာန် ဘာသာရေးအဆောက်အအုံရှိတဲ့နေရာလို့ သိစေချင်တာပါ၊ ဒါကိုရဲတွေလာပြီး ဖြုတ်ခိုင်းပါတယ်။ ကျတော်တို့အနေနဲ့ ဘုရားဆီမှာ ဆုတောင်းပြီးမှ တပ်ထားတာဖြစ်လို့ ပြန်ဖြုတ်ုလိ့မရဘူး။ ဖြုတ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်တက်ဖြုတ်လို့ ပြောလိုက်တယ် “ ဟု အမည်မဖော်လိုသည့် ခရစ်ယာန်ဘာသာဝင်တစ်ဦးက ပြောသည်။
ထိုပြင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် တနင်္ဂနွေ့နေ့တိုင်း ဘုရားကျောင်းတက်ကာ ဝတ်ပြုမည်ဆိုပါက တက်ရောက်မည့် လူဦးရေစာရင်းနှင့်အတူ ထောက်ခံချက်များကို သက်ဆိုင်ရာရဲစခန်းတွင် ထုတ်ယူရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ညွန်ကြားထားကြောင်း ဒေသခံများက ဆိုသည်။
“ကျတော်တို့အသင်းတော်တွေက နိုင်ငံတော်အစိုးရအဆက်ဆက်ဆီမှာ တရားဝင်သာသနာပြုခွင့်၊ လက်မှတ်ရထားပြီးသားဖြစ်ပါတယ်။ ရဲတွေလာပြီး တနင်္ဂနွေ ဘုရားဝတ်ပြုကိုးကွယ်ဖို့အတွက် လူဦးရေစာရင်း၊ ဝတ်ပြုကိုးကွယ်မဲ့အချိန်တွေတင်ပြပြီး ထောက်ခံချက်တွေ ရဲစခန်းကို လာပြီးထုတ်ယူရမယ်လို့ ပြောပါတယ် ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ခရစ်ယာန်ဘာသာဝင်တစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် ရိုမန်ကက်သလစ်၊ ရခိုင်နှစ်ခြင်း၊ ချင်းနှစ်ခြင်း၊ မြိုနှစ်ခြင်း၊ အင်္ဂလိကန်၊ လွတ်လပ်သောဧဝံဂလိ၊ မရာဧဝံဂလိ၊ AG၊ Seveveth Day၊ PCM၊ Free Methodist၊ COC၊ Good News, CJC, Dynamic၊ EFC၊ နှင့် အခြားသောခရစ်ယာန်အသင်းတော်များရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ ဖော်ပြချက်အရ စစ်တွေမြို့တွင် လူဦးရေ စုပေါင်း – ၁၄၇,၈၉၉ ဦးရေရှိကာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ဘာသာဝင်များနေထိုင်ပြီး ထိုအထဲအတွင် ခရစ်ယာန်ဘာသာဝင်ဦးရေမှာ ၁၇၀ဦးခန့်သာရှိသည်။
ယခုကဲ့သို့ လူနည်းစု ခရစ်ယာန်ဘာသာဝင်များ၏ ဝတ်ပြုကိုးကွယ်ခွင့်ကို ကန့်သတ်မှုသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို နှောက်ယှက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒီလိုမျိုးလုပ်ရပ်တွေက စစ်ရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကို စော်ကားတာလို့ မြင်တယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ခရစ်ယာန်တွေ ဖိနှိပ်တာနဲ့အတူတူပဲ၊ ဘာသာရေးနဲ့နိုင်ငံရေးကို ခွဲခြားထားဖို့လိုတယ်” ဟု လူနည်းစုအရေးတက်ကြွလှုပ်ရှားသူ ကိုထူးက ပြောသည်။
အလားတူ AA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ နေထိုင်ကြသည့် လူနည်းစု ခရစ်ယာန်များအနေဖြင့်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်လာမည်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်။
“ဇွန်လလောက်တုန်းက ကျောက်တော်မှာ ဒေသခံခရစ်ယာန် သင်းအုပ်ဆရာ ငါးဦးကို AA ကဖမ်းဆီးထိန်းသိမ်းဖူးတာ ရှိတယ်။ ဒေသခံလူနည်းစုခရစ်ယာန်တွေအနေနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်မရကြမှာ စိုးရိမ်မှုတွေ ရှိနေကြတာပါ” ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး လူနေအိမ်များ ဖောက်ထွင်းခံရမှု၊ ပစ္စည်းခိုးယူခံရမှုများနှင့် လုယက်မှုများ များပြားလာကာ မြို့တွင်း၌ပင် လူအသွားအလာနည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်တွေမြို့အတွင်းသို့ AA တပ်များ မဝင်ရောက်နိုင်ရန်အတွက် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စစ်တွေကမ်းနားလမ်းတစ်လျှောက်တွင် ခြောက်ပေအမြင့်ရှိ အကာအရံများကို စစ်ကောင်စီက ကာရံခဲ့ပြီး ဓာတ်လိုက်နိုင်သည့် လျှပ်စစ်လွှတ်ထားကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှစတင်ကာ ရခိုင်ပြည်နယ်ကို ကုန်စည်ပို့ဆောင်နေသည့် လမ်းပိုင်းများအား စစ်ကောင်စီက ပိတ်ဆို့ခဲ့ပြီးနောက် ဒေသခံများအနေဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းအဆမတန်မြင့်မားမှုတို့ကို ရင်ဆိုင်နေရသည်။