ကြောက်ခေတ်ကို မှောက်ပစ်ကြရန် ရန်ကုန်မြို့လယ်ခေါင်တွင် ရန်ကုန်လူထုသပိတ်က ယနေ့ ကြွေး ကြော်ခဲ့သည်။
ရန်ကုန်မြို့လယ်၊ဆူးလေတွင် “ကြောက်ခေတ်ကိုမှောက်ပစ်” ဆိုသည့် ကြွေးကြော်သံ စာသား ဓာတ်ပုံ သုံး၍ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့အချိန်တွင် စစ်ကောင်စီတပ်အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင်မရှိတော့ခြင်း ကြောင့် ရန်သူသည်အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ဘဲ အကြောက်တရားကြောင့်သာ အုပ်ချုပ်ခွင့်ရနေခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်ပြီး ယနေ့အချိန်အခါသည် ပြည်သူကိုယ်တိုင် တော်လှန်ရေးကိုအဆုံးသတ်ရတော့မည့်ကာလတစ်ခုဖြစ်ကြောင်း ရန်ကုန်လူထု သပိတ်က ထုတ်ပြန်သည်။
“ကျွန်ုပ်တို့အားလုံးအတူတူ လူထုတိုက်ပွဲဆင်နွှဲခြင်းဖြင့်သာ ကြုံတွေ့နေရသည့်အကျပ်အတည်းအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်” ဟု ရန်ကုန်လူထုသပိတ်က ဆိုသည်။
ဆက်လက်ပြီး ရန်ကုန်လူထုသပိတ်က ပြည်သူ့အသံသည် အင်မတန်အရေးကြီးကြောင်း ရန်သူကိုအချိန်ဆွဲဆန့်ပြီး သက်ဆိုးရှည်နိုင်ရန် အခွင့်အရေးမပေးသင့်ကြောင်း တော်လှန်ရေး၏အသက်သွေးကြောသည် ပြည်သူလူထုသာဖြစ်ပြီး လူထု၏ရုန်းကန်မှု၊ လူထု၏အသံသည် အင်အားအကြီးဆုံးဖြစ်ကြောင်းလည်း ဆိုသည်။