By Hlaing / MPA
ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်း၌ မြေရှားသတ္တုသယ်ဆောင်သည့် ကားများကြောင့် အင်မတန်ဆိုးရွားပျက်စီးနေကြောင်း ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိရသည်။
လိုင်ဇာနှင့် မိုင်ဂျာယန်လမ်းပိုင်းသည် မြေသားလမ်းများဖြစ်ပြီး မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေရှားသတ္တုသယ်ဆောင်သည့် ကာများသွားလာမှုများကြောင့် ၂၀၂၄ခုနှစ်၊ ဇွန်လမှ စတင်ကာ လမ်းများဆိုးရွာပျက်စီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြုပြင်ခြင်းမရှိသေးသည့်အတွက် ကားများသွားလာရန် ခက်ခဲလျက်ရှိကြောင်း ခရီးသွားပြည်သူများက ဆိုသည်။
“ ဒီနှစ်ထဲမှာ မတ်လလောက်ကထိ လမ်းကောင်းသေးတယ်ပြောလို့ရတယ်။ ဇွန်လလောက်ကနေစပြီး မိုးကလည်းရွာ၊ မြေရှားကုမ္ပဏီတွေက ကားကြီးတွေကလည်း သွားတာများတော့ လမ်းတွေပျက်စီးတာ၊ မြေရှားတွေကကျတဲ့ ရေတွေကလည်း တောင်ပေါ်ကနေ လမ်းပေါ်ကျတယ်လေ” ဟု အဆိုပါလမ်းပိုင်းကို အသုံးပြုနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ မြေရှားသတ္တုသယ်ဆောင်သည့် ကားကြီး(ဒေသအခေါ် ရန်းဖောင်ကား)များ သွားလာမှုကြောင့် မိုင်ဂျာယန်မြို့နှင့် အင်ခေါင်းပါကျေးရွာအနီးရှိ လမ်းပိုင်းပျက်စီးမှုများ များပြားစွာ ဖြစ်ပေါ်လျက်ရှိနေသည်။
“ အင်ခေါင်းပါရွာနားမှာဆိုရင် လကမ္ဘာပေါ်ကချိုင့်ခွက်ကြီးတွေကျနေတာပဲ၊ တောင်ကတုံးတွေချည်းပဲ၊ မြေရှားအပြည့် သယ်တဲ့ကားတွေဆို အင်ဂျင်သံတွေအော်ပြီး တောင်တက်ရတာ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ မနိုနိုက ဆိုသည်။
“ မိုးရွာရင် လမ်းတွေပြင်တာ တွေ့တယ်။ ပြင်လည်း ခဏပဲရတာ၊ ခရီးသွားကားတွေကလည်း ပါဂျဲရိုးကားတွေလိုဆိုတော့ ဝန်မများဘူးလေ၊ မြေရှားသယ်တဲ့ကားတွေကြောင့် လမ်းပျက်တာများတယ်။ ဗွက်တွေဆိုတာ ပင်လယ်ပြင်ကြီးကျနေရော” ဟု အသက် ၄၅ နှစ် အရွယ်ရှိ ယာဥ်မောင်းအမျိုးသားတစ်ဦးက ဆိုသည်။
မြေရှားသတ္တုကို ကချင်ပြည်နယ် ပန်ဝါ၊ ချီဖွေ၊ ဆော့လော်မြို့နယ်တို့အပြင် လွယ်ဂျယ်မြို့အနီးရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ မံစီ၊ မိုးမောက်မြို့နယ်တို့တွင်လည်း တူးဖော်လျက်ရှိနေသည်။
“ မြေရှားတူးတဲ့နေရာက လမ်းပျက်စီးတာတင်မကဘူး။ မြေကြီးထဲ အက်စစ်တွေစိမ့်ဝင်တဲ့အတွက် စားလို့ရတဲ့အပင်တွေတောင်မှ အဆိပ်သင့်ကုန်တယ်။ တိရစ္ဆာန်တွေ၊ လူတွေလည်း အနာရောဂါဖြစ်တယ်။ သဘာဝကြီးလည်း ပျက်စီးတယ်” ဟု မိုင်ဂျာယန် ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း မြေရှားသတ္တုတူးဖော်မှုများကြောင့် အင်ခေါင်းပါကျေးရွာမှ ဒေသခံရာဂဏန်းခန့်မှာလည်း အရေပြားရောဂါများ ခံစားခဲ့ရသည်။
ကမ္ဘာပေါ်ရှိနိုင်ငံများအနက် မြန်မာနိုင်ငံသည် မြေရှားသတ္တုထွက်ရှိမှုသည် တတိယအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး၊ တောင်များကိုဖြိုကာ ထုတ်ယူရသဖြင့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ထိုကဲ့သို့ထုတ်ယူမှုအပေါ်ကန့်ကွက်မှုများရှိသော်လည်း စစ်ကောင်စီသို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းထားသည့် တရုတ်ကုမ္ပဏီပိုင်ရှင်များက ဆက်လက်ထုတ်ယူနေခြင်းလည်းဖြစ်သည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား ဘက်ထရီတွင် အများဆုံးအသုံးပြုပြီး အခြားသော လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုနှင့် ဖန်ထည်ပစ္စည်းထုတ်လုပ်မှုများတွင်လည်း အသုံးပြုကြောင်း သိရသည်။

