By Wadi / MPA
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျနေသူများ ပန်ကာအသုံးပြုပါက ထောင်အာဏာပိုင်များက ဒဏ်ကြေးကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
အင်းစိန်ထောင်ရှိ အဆောင်များတွင် အကျဉ်းသားများ ကိုယ်လက်လှုပ်ရှားပြုလုပ်ရန်၊ ရေချိုး၊ အဝတ်လျှော်၊ ပန်းကန်ဆေးရန်နှင့် အထွေထွေကိစ္စများ ဆောင်ရွက်ရန် နံနက် ခုနှစ်နာရီမှ နံနက်၁၀နာရီခွဲ နှင့် မွန်းလွဲ နှစ်နာရီမှ ညနေ ငါးနာရီအတွင်း အခန်းတံခါးများ ဖွင့်ပေးထားသည်။
ထိုသို့ အခန်းတံခါးဖွင့်ပေးထားချိန်တွင် အခန်းများအတွင်းရှိ ပန်ကာများကို ဖွင့်ခွင့်မပြုဘဲ ပန်ကာတစ်လုံးဖွင့် လျှင် ဒဏ်ကြေး ငါးသောင်းကျပ် ပေးဆောင်ရမည်ဟု ထောင်အာဏာပိုင်များက သတ်မှတ်ထားကြောင်း သိရ သည်။
ထောင်တွင်း မီတာခများ အဆမတန်ကုန်ကျသည်ဟုဆိုကာ မိန်းဂျေးဦးစီး၏ အမိန့်ဖြင့် ပန်ကာများ အချိန်ပိုင်းဖြင့်သာ ဖွင့်ခွင့်ပေးခြင်းဖြစ်သည်ဟု အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPA သို့ ထုတ်ဖော်ပြောဆိုသည်။
“ထောင်က မီတာခ သိန်း ၁၂၀၀ ဆောင်ရလို့ ဆိုပြီး မိန်းဂျေးဦးစီးက အဆောင်တွေအားလုံးရဲ့ အခန်းထဲတွေမှာ တန်းဖွင့်ချိန်(အချုပ်ခန်းဖွင့်ပေးချိန်) ပန်ကာတွေကို ဖွင့်ခွင့်မပေးတော့ဘူး။ မေ့ပြီးဘဲ ဖြစ်ဖြစ် သက်သက်ဖွင့်ထားတာ ဖြစ်ဖြစ် မိရင် ပန်ကာတစ်လုံးကို ဒဏ်ကြေးငါးသောင်းကောက်တယ်။ နောက်ပြီး အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက တရစ်ချင်းနဲ့ ဖြည်းဖြည်းချင်း ဖိနှပ်လာတယ်” ဟု ၅၀၅-(က)ဖြင့် ရန်ကုန်အင်းစိန်ထောင်၌ ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးက ပြောသည်။
အင်းစိန်အကျဉ်းထောင်အတွင်းရှိ အခန်းများသည် အကျဉ်းသားဦးရေ အဆမတန်များပြားသည့်အတွက် အပူသက်သာစေရန် ယခင်အစိုးရလက်ထက်က ပန်ကာများတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ စတုတ္ထပတ်မှစတင်၍ မီတာခ ကုန်ကျသည်ဟုဆိုကာ ပန်ကာအသုံးပြုခွင့်ကို ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၄ခုနှစ်၊ မတ်လကလည်း အင်းစိန်အကျဉ်းထောင် သပြေဆောင် နှစ်၊ အခန်းနှစ်၌ အခန်းလူကြီးက ပန်ကာအသုံးပြုခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများစုပေါင်းကာ ပန်ကာဖွင့်ခွင့်ပြုရန် တောင်းဆိုခဲ့ဖူးသည်။
“ဒီနှစ် နွေတုန်းက အခန်းတံခါးဖွင့်ထားတဲ့ တန်းဖွင့်ချိန်မှာ ပန်ကာတွေ ပိတ်ထားကြဆိုပြီး အခန်းလူကြီးက ဖိနှိပ် ဖူးတယ်။ အခန်းက ကျဉ်း၊ လူကများ၊ နွေကပူဆိုတော့ ပန်ကာမဖွင့်ထားရင် နေလို့မရဘူး။ နေ့လယ်ဘက်တွေမှာ နေက ပိုပူတော့ အခန်းထဲ မနေရင် အပြင်မှာလည်း နေစရာမရှိဘူး။ အဲ့ဒီတုန်းက အခန်းထဲက ကျတော်တို့ နိုင်ကျဉ်းတွေ ဝိုင်းပြီး တောင်းဆိုကြမှ ပန်ကာဖွင့်ခွင့် ပြန်ရတယ်” ဟု နိုင်ငံရေးအကျဉ်း သားဟောင်း ကိုအောင်အောင်(အမည်လွှဲ)က ဆိုသည်။
အင်းစိန်ထောင် အဆောင်များရှိ အခန်းတိုင်းတွင် သတ်မှတ်အကျဉ်းသားဦးရေထက် ပိုနေသဖြင့် ညဖက်အိပ် လျှင် တစ်ဦးနှင့်တစ်ဦး ထိကပ်စွာ ပူးအိပ်ရခြင်းများ ရှိနေသည်။
ထို့ပြင် အင်းစိန်ထောင်တွင် နှစ်ပေအကျယ်နှင့် ခြောက်ပေအရှည်ရှိ ဘေးတန်း နေရာရရှိရန် အခန်းလူကြီးကို ငွေကျပ် သိန်းဂဏန်းအထက် ပေးနေရကြောင်းလည်း သိရသည်။
ယင်းအပြင် အင်းစိန်ထောင်ရှိ အဆောင်များ နှင့် အခန်းများ ပြုပြင်ရန်ဟုဆိုကာ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း အဆောင်မှူးများနှင့် အခန်းလူကြီးများက ထောင်ကျနေသော အကျဉ်းသားများထံမှ ငွေကြေး ကောက်ခံမှုများလည်း ရှိနေကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ တစ်ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ စုစုပေါင်း (၂၇၆၁၀) ဦးရှိပြီး ယင်းအနက် (၂၁၀၆၄) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အောက်တိုဘာ ၃၀ရက် ထုတ်ပြန်ထားသည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးနှင့် ဆက်စပ်သော ပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရပြီး သေဒဏ် ချမှတ်အရေးယူခံထားရသူ ၁၆၉ဦးအထိရှိကြောင်း AAPP စာရင်းအရ သိရသည်။