By Nway / MPA
ယခုနှစ် ၁၀လခန့်အတွင်း စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် အမျိုးသား၁၂ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ စစ်ကောင်စီ၏ စစ်ကြောရေးတွင် ကျဆုံးသူ အမျိုးသား ၁၂ ဦးတို့ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ယင်း ၁၂ဦးမှာ မင်းပြား၊ တောင်ကုတ်၊ ရသေ့တောင်၊ ငပုတော၊ ကြံခင်း၊ မအူပင်၊ မုံရွာ ၊ ရေဖြူ ၊ သာကေတ၊ မကွေးနှင့် တောင်ငူစစ်ကြောရေးစခန်းတို့တွင် ကျဆုံးခဲ့ကြခြင်း ဖြစ်ကြောင်းနိုင်ငံရေးအ ကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထံက သိရသည်။
“ စစ်ကြောရေးမှာ သေဆုံးသူထဲ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နှစ်ယောက်နဲ့ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် နှစ်ယောက် ဆိုပြီးသေဆုံးရတဲ့အကြောင်းအရင်းတွေကို အတည်ပြုထားနိုင်ပြီး ကျန်တဲ့သူ တွေကိုတော့ စစ်ကြောရေးမှာ ဘယ်လိုအကြောင်းကြောင့်သေဆုံးသွားတယ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု အေအေပီပီ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် ရဲစခန်း၌ ကျဆုံးသူ အမျိုးသား ၁၁ဦး၊ အကျဉ်းထောင်များ၌ ကျဆုံးသူ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား ၂၅ဦးရှိခဲ့ကာ စုစုပေါင်း အယောက်၅၀ ကျဆုံးခဲ့သည်ဟု အေအေပီပီကဆိုသည်။
ကျဆုံးသူများအနက် သုံးဦး၏ရုပ်အလောင်းကိုသာ မိသားစုဝင်များက ထုတ်ယူခွင့်ရခဲ့ပြီး ကျန်ရုပ်အလောင်းများကို ထုတ်ယူခွင့်မရရှိဘဲ သေဆုံးကြောင်းသာ စစ်ကောင်စီအာဏာပိုင်တို့က အသိပေးခဲ့ကြောင်း ယင်းတာဝန်ရှိသူကပြောသည်။
“ ဒီလိုဖြစ်ရပ်တွေကို တိကျတဲ့အချက်အလက်တွေနဲ့တကွ စနစ်တကျမှတ်တမ်းပြုစုထားပြီး ကျူး လွန်သူတွေကို တာဝန်ယူ တာဝန်ခံမှုရှိလာဖို့၊ နစ်နာခံစားရတဲ့သူတွေအတွက် တရားမျှတမှု ရစေဖို့ အားလုံးဝိုင်းဝန်းကြိုးစားလုပ်ဆောင်ဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ချိန် ၂၀၂၁ခု၊ဖေဖေါ်ဝါရီတစ်ရက်မှ ယနေ့(အောက်တိုဘာ၃၀ရက်)အထိစစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် ကျဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၉၀၁ ဦး ရှိပြီဖြစ်ကြောင်း အေအေပီပီက ထုတ်ပြန်ထားသည်။