By Hlaing / MPA
တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကချင်အထူးဒေသ (၁) ရှိ ပန်ဝါမြို့ကိုသိမ်းပိုက်ပြီးနောက်၊ နယ်စပ်ဂိတ်များရှိသည့် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ပန်ဝါနှင့် ကန်ပိုက်တည်မြို့များကို တရုတ်နိုင်ငံက ပိတ်ဆို့ခဲ့သည်။
“ ခရမ်းချဥ်သီးတွေက နမ့်ခမ်းဘက်ကနေဝင်တာ၊ ကြားထဲမှာ လမ်းတွေကလည်း ဆိုးတယ်။ တောင်ဆင်းတောင်တက်တွေနဲ့ဆိုတော့ ကုန်စျေးက ကြီးတာပေါ့၊ အရင်က တရုတ်ဘက်ကဝင်တော့ တစ်ကျင်(သုံးဆယ်သား)ဆိုရင် ၄၀၀၀ လောက်က စားနိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ လိုင်ဇာမြို့တွင် ခရမ်းချဥ်သီး တစ်ပိသာ ၃၀၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀၀ ကျပ်၊ ကြက်ဥတစ်ကဒ် ၂၅၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၄၀၀၀၀ ကျပ်၊ CP ကြက် တစ်ပိသာ ၄၅၀၀၀ ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီ(အလတ်စား)တစ်ထုပ်လျှင် ၉၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
“ တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ပြီဆိုရင် စျေးသည်တွေတောင်မှ မဝင်တော့တာ၊ ခရမ်းချဥ်သီး၊ ဂေါ်ရခါးသီး၊ ကြက်သွန်မြိတ် အဲ့ဒါတွေက တရုတ်ဘက်ကဝင်တာ၊ သူတို့ဘက်က ပိတ်လိုက်ရင် အကုန်စျေးတက်ကုန်တာပဲ “ ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ပြည်တွင်းမှ ကုန်စိမ်း၊ ကုန်ခြောက်ပစ္စည်းများဝင်သော်လည်း ခရီးစရိတ်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စျေးနှုန်းများကြီးမြင့်နေကြောင်း သိရသည်။
ထိုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်မှုများကြောင့် ဗန်းမော်မြို့အစွန်ရှိ ကျေးရွာများမှ ပြည်သူများမှာလည်း အခက်အခဲများတွေ့ကြုံနေကြရသည်။
“ ဗန်းမော်ဘက်က ရွာတွေကစျေးသည်တွေဆို ခရမ်းချဥ်သီးတောင်မှ တရုတ်ဘက်ကလာတဲ့အသီးတွေ ပြန်ဝယ်ရတာ၊ အခုကျတော့ နည်းနည်းကမောက်ကမဖြစ်သွားတာပေါ့၊ မြစ်ကြီးနားဘက်မှာလည်း တရုတ်ပစ္စည်းတွေ မဝင်တော့ဘူးလို့ ကြားတယ်” ဟု လိုင်ဇာမြို့တွင်နေထိုင်ခဲ့သည့် အသက် ၂၀ အရွယ် မလင်းကဆိုသည်။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော် အားဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Kachin News Group (KNG) မှ တရုတ်၏ ပိတ်ဆို့မှုဒဏ်ကို မည်ကဲ့သို့ ကျော်လွှားနိုင်မလဲ ဟု ဆက်သွယ်မေးမြန်းရာ မည်သို့ပင်ဖြစ်စေ နည်းလမ်းများရှာလို့ရနိုင်မည်ဖြစ်ကြောင်း ဖြေဆိုထားသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေ၍ လနှင့်ချီကာ ကုန်စည်စီးဆင်းရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ မတ် ခုနှစ်ရက်မှစ၍ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြင့်တင်ခဲ့ပြီးနောက် ဗန်းမော် – လွယ်ဂျယ်နှင့် ဝိုင်းမော် – လိုင်ဇာလမ်းပိုင်းပေါ်မှ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော် အပါအဝင် နယ်စပ်ဂိတ်မြို့များဖြစ်သည့် လွယ်ဂျယ်၊ ပန်ဝါနှင့် မိုးမောက်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဆဒုံး၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ မြို့လှမြို့နယ်ခွဲတို့ကို သိမ်းပိုက်ထားပြီး၊ လက်ရှိတွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။