မြန်မာစစ်တပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူများ သေဆုံးနေရသဖြင့် လောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးကူညီပေးနေသော ကုမ္ပဏီငါးခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ယူကေသံရုံးက ထုတ်ပြန်ကြေညာသည်။
၂၀၂၄ ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသဖြင့် စစ်တပ်သုံး လောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၉ရက်၊ ယူကေသံရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပိတ်ဆို့အရေးယူခြင်းခံရသော ကုမ္ပဏီများမှာ Asia Sun Group Company , Swan Energy Company, Myan-Oil Company, Rich Ray Trading Company, Progress Technology Support Company(a.k.a Royal Shune Lei) နှင့် King Royal Technologies Company တို့ဖြစ်သည်။
ယူကေသည် ၎င်း၏ မိတ်ဖက်များဖြစ်သော အီးယူနှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ပူးပေါင်း၍ စစ်တပ်အ တွက် ရန်ပုံငွေ၊ လောင်စာဆီနှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးကူညီနေသော လမ်းကြောင်းကို ပိတ်ဆို့ကန့်သတ်လိုက်ခြင်း ဖြစ် သည်။
ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ကတ်သရင်းဝက်စ်က “မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်က အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါဘူး” ဟု ပြောကြားထားသည်။
ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုအသစ်သည် မြန်မာစစ်တပ်အတွက် ဖိအားများ တိုးစေပြီး မြန်မာပြည်သူများ မျှော်မှန်းထားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ယူကေက ကူညီထောက်ပံ့မှုများနှင့်အတူ အခိုင်အမာ ရပ်တည်နေကြောင်း ကတ်သရင်းဝက်စ်က ထပ်လောင်း ပြောဆိုသည်။
မြန်မာစစ်တပ်ထံ လက်နက်နှင့်ဘဏ္ဍာရေး လွှဲပြောင်းရောင်းချမှုများကို ကန့်သတ်ရန် ဗြိတိန်သည် မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ဗြိတိန်သည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံလူထုအတွက် အသက်ကယ်လူသားချင်းစာနာမှုအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ ပေါင်သန်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူပေါင်း ၃ဒဿမ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လူပေါင်း ၁၈ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်။