By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့ထဲသို့ ဈေးဝယ်ထွက်လာသည့် စစ်သားများ PDF တို့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၉ရက်၊ နံနက် ရှစ်နာရီခန့်က ဆီမီးခုံဆေးရုံအတွင်းမှ ဈေးဝယ်ထွက်လာသည့် စစ်သားရှစ်ဦးကို ဈေးမရောက်ခင် တံတားကြီးအနီး ကွန်ကရစ်လမ်းပေါ်၌ မိုင်း ခုနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ မိုင်းဆွဲတာ မြို့ထဲမှာ။ မြို့အနောက်ပိုင်းဈေးနားမရောက်ခင်။ ကျတော်တို့က အဝေးထိန်းနဲ့ဆွဲတာဆိုတော့ ကျတော်တို့ဆွဲတာ သူတို့မမြင်ရဘူး။ နှစ်ကောင်ကတော့ ဒဏ်ရာပြင်းတယ်လို့ ကြားတယ်ဗျ။ ဆေးကုနေတုန်းလို့ သိရတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် စစ်သားကို အောက်တိုဘာ၂၉ရက်၊နံနက် ၁၁နာရီခန့်၌ စစ်သားနှစ်ဦးက ထမ်းကာ ဧရာဝတီမြစ်ဆိပ်ဘက်သို့ သယ်ဆောင်သွားကြောင်းသိရသည်။
” မြစ်ထဲမျှောတာဖြစ်နိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ဆီမီးခုံမြို့ထဲရှိ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကို စစ်တပ်က ဖမ်းဆီးစစ်ဆေးပြီး ညနေပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ မြို့ထဲမှာ ဖြစ်တာဆိုတော့ မိုင်းဆွဲခံရပြီး လက်ဖက်ရည်ဆိုင်တွေမှာရှိတဲ့ လူငယ်တွေ တော်တော်များများကို ဖမ်းတာပေါ့နော်။ ဖမ်း၊ စခန်းထဲခေါ်စစ်ပြီး ညနေပိုင်းမှာ ပြန်လွတ်ပေးတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို ဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force(ABCDF) အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။