By PoeSangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ နမ့်ခမ်းမြို့တွင် စစ်ကောင်စီနှင့် တရုတ်အစိုးရတို့ ကုန်သွယ်ရေးပိတ်ဆို့မှုများကြောင့် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းထိ စျေးမြင့်တက်လာခြင်းကြောင့် ဘက်ထရီဆိုင်ကယ် အသုံးပြုသူများလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလက နမ့်ခမ်းမြို့တွင် ဓာတ်ဆီတစ်လီတာ ကျပ်ငါးထောင်မှ အမြင့်ဆုံး ကျပ် ခြောက်ထောင်သာရှိခဲ့သော်လည်း အောက်တိုဘာ ၂၂ရက်တွင် မူဆယ်-နမ့်ခမ်း-ပန်ခမ်းဂိတ်တို့တွင် ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက် စက်သုံးဆီစျေးတဖြည်းဖြည်းမြင့်တက်ခဲ့ရာ အောက်တိုဘာ ၂၉ရက်တွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းထိ ရောက်ရှိလာခြင်းဖြစ်သည်။
“ ပန်ခမ်းဂိတ်မှာ ကုန်စည်တင်သွင်းခွင့်ပိတ်ပြီး နောက်တစ်ရက်မှာ ဓာတ်ဆီက ဝယ်လို့မရဘူး။ တန်းစီစောင့်ရတယ်။ မနေ့က သွားဝယ်တာ ၉၂၀၀ပေးရတယ်။ ဒီနေ့တော့ တစ်သောင်းရောက်ပြီ ၊ အဲ့ဒါကြောင့် မြို့ခံ အတော်များများက ဘက်ထရီဆိုင်ကယ်ဝယ်စီးနေတယ်” ဟု နမ့်ခမ်းမြို့နယ်၊ နောင်စင့်ရပ်ကွက်နေ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နမ့်ခမ်းမြို့တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်ခြင်းများ မကြာခဏကြုံရသော်လည်း ယခင်က စက်သုံးဆီတစ်လီတာ ကျပ်ရှစ်ထောင်ထိသာ မြင့်တက်ဖူးပြီး ယခုစျေးမြင့်တက်မှုသည် အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံများကဆိုသည်။
လက်ရှိ နမ့်ခမ်းမြို့တွင် စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ဘက်ထရီဆိုင်ကယ် သုံးစွဲမှုသည် ယခုလအတွင်း ပိုများလာပြီး ဘက်ထရီဆိုင်ကယ်တစ်စီးလျင် တရုတ်ယွမ်ငွေ ၃၂၀၀(ကျပ် သိန်း ၂၀ ဝန်းကျင်)ရှိကြောင်းလည်း သိရသည်။
“မူဆယ်မှာတော့ ဓာတ်ဆီတစ်လီကို ၄၆၀၀ ပဲရှိတယ်။ ဒါပေမဲ့ ဆိုင်ကယ်ထဲကိုပဲဆီဖြည့်လို့ရတယ်။ ပုံးတွေနဲ့ ဝယ်လို့မရဘူး။ ဆီစျေးတွေကကြီးတော့ မူမယ်မှာလဲ ဘက်ထရီဘီးစီးတာများတယ်။ စက်သုံးဆီဝယ်ရင် တန်းစီရတာလဲကြာတယ်လေ၊ အဝေးကနေလာတဲ့သူတွေကတော့ စက်သုံးဆီဆိုင်ကယ်လိုအပ်တယ်” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့(အောက်တိုဘာ ၂၉ရက်)တွင် နမ့်ခမ်း-မူဆယ် ပန်ခမ်းဂိတ်ကို တရုတ်နိုင်ငံဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မူဆယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် လိုသလောက်ဝယ်ယူခွင့်မရရှိသည့်အတွက် နမ့်ခမ်းမြို့သို့ စက်သုံးဆီ သယ်ဆောင်မည့်သူများ အခက်အခဲကြုံရကြောင်း နမ့်ခမ်းမြို့၊ ဆေးရုံကုန်းအနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ ဘက်ထရီဆိုင်ကယ်ကတော့ မြို့တွင်းစီးဖို့ပဲအဆင်ပြေတယ်။ ခရီးအဝေးတော့ သွားလို့မရဘူး။ ဒါပေမဲ့ ဓာတ်ဆီ စျေးအရမ်းတက်လာလို့ ဘက်ထရီဘီး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ၊ သူက အားအပြည့်သွင်းရင်တော့ ရှစ်နာရီလောက် သုံးလို့ရတယ်။ မီးလည်းအဆင်ပြေတယ်ဆိုတော့ အဲ့ဒါပဲ သုံးတဲ့သူများလာတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေးကာလ၌ တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ခဲ့ခြင်းကြောက် စက်သုံးဆီနှင့် ကုန်စည်စျေးမြင့်တက်မှုများဖြစ်ပေါ်ခဲ့သေးသည်။
ထို့နောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ထိုးစစ်များ ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ် ၂၉ရက်တွင် တရုတ်အစိုးရ တိုက်ပွဲများ ရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးသည့်အပြင် အောက်တိုဘာ ၂၂ရက်မှစတင်ကာ တရုတ်နိုင်ငံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် စားသောက်ကုန်များတင်သွင်းခွင့်ကို ပိတ်လိုက်ခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ကျန်စန်းကျော့၊ ချင်းရွှေဟော၊ ရန်ုလုံးကျိုင်း၊ မုံးကိုး၊ နမ့်ခမ်းဂိတ်စသည်တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။