By Zwe Ko / MPA
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာရှိ သင်္ခရိုင်ပရဟတိကျောင်းကို စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက် စီးနင်းပြီးနောက် လူငယ်များနှင့် ကူညီလုပ်ကိုင်ပေးနေသူများအား ဖမ်းဆီးခဲ့သည့်အပြင် အဆိုပါကျောင်း၌ စစ်သားများ တပ်စွဲနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၉ရက်၊ နံနက် ၁၀နာရီခန့်တွင် ပဲခူးရိုးမသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းသည် သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပဲခူးရိုးမအခြေစိုက် BTZM GBK PDF အဖွဲ့မှတပ်ခွဲမှူး တေဇမင်းက ပြောသည်။
“တိုက်ပွဲက ၁၅မိနောက်ပဲကြာတယ်။ ကျတော်တို့ အပိုင်ပစ်ရတာ၊ မျက်မြင် ခုနှစ်ယောက်လဲကျသွားတာတွေ့တယ်။ သူတို့ဘက်က အင်အားအရမ်းများတော့ ကျတော်တို့ ဆုတ်ပေးလိုက်ရတယ်။ အဲ့ဒီတိုက်ပွဲပြီးမှ သင်္ခရိုင်ရွာကိုဝင်စီးတာ၊ ပရဟိတကျောင်းမှာလည်း အရွယ်ရောက်ကလေးတွေနဲ့ လာကူညီပေးနေတဲ့သူ အယောက် ၂၀လောက်ဖမ်းထားတယ်လို့ပြောတယ်။ ကလေးငယ်တွေကတော့ အစောကတည်းက ရှောင်နေတာလို့ကြားတယ်” ဟု တပ်ခွဲမှူး တေဇမင်းက ပြောသည်။
ထို့ပြင် သင်္ခရိုင်ကျေးရွာသည် ကြို့ပင်ကောက်မြို့နှင့် ၁၅မိုင်ခန့်ကွာဝေးပြီး ရှေ့ဘက်ဘော်ပင်ဆည်အနီးတည်ရှိကာ အိမ်ခြေ ၁၃၀ကျော် လူဦးရေ ၅၀၀ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း အဆိုပါကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“ ရှောင်နေရတာတော့ ၁၀ရက်ကျော်လောက်ရှိပြီ၊ ပရဟိတကျောင်းကလည်း မိဘတွေ မမွေးနိုင်လို့ လာပေးထားတဲ့ ကလေးတွေများတယ်။ အရင်တုန်းကတော့ ကျောင်းမှာ ကလေး ၃၀၀ကျော်လောက်ရှိတယ်။ အခုတော့ ရှောင်နေရတော့ လူအနည်းငယ်ပဲကျန်ခဲ့တာ၊ ရွာသူ၊ ရွာသားတွေလည်း မြို့ပေါ်ပြေးတဲ့သူကပြေး၊ ဆွေမျိုးတွေရှိတဲ့နေရာကို ရှောင်တဲ့သူကရှောင်၊ ကျတော်တို့ကတော့ တောထဲမှာဘဲ ရှောင်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီက သင်္ခရိုင်ကျေးရွာအနီးသို့ မကြာခဏစစ်ကြောင်းထိုးခြင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဒေသခံများသည် မကြာခဏစစ်ရှောင်ရသည့် နေရာတစ်ခုဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင်တုန်းက စစ်ရှောင်ရတာက ခဏပဲ ၊ ဆည်ပေါ်တက်ပြီး ရှောင်နေရင်ရတယ်။ အခုက နှစ်ပါတ်ပြည်တော့မယ်၊ ဒီကရဲဘော်တွေခေါ်လာပြီးထားထာတာ၊ စားစရာတွေလည်းဘာမှယူမလာရဘူး။ လူက ကလေးတွေရော အသက် ကြီးတဲ့သူတွေရောပါလာတယ်။ ၁၀၀ကျော်လောက်ရှိမယ်။ အဲ့ဒါရှိတဲ့ဆန်လေး ဆန်ပြုတ်လုပ်ပြီး ကလေးတွေ၊ လူကြီးတွေ ဦးစားပေးကျွေးနေရတယ်။ အဲ့ဒါတောင်နပ်မမှန်ဘူး။ ဆန်တို့ ၊ ဆီတို့၊ ဆေးဝါးတွေ လိုအပ်နေတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၂၈ရက် ညပိုင်းကလည်း သင်္ခရိုင်ကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် အေးရဖွာလေးရွာကို PDF ရွာဟုဆိုကာ စစ်ကောင်စီကတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးတစ်ဦးက ပြောသည်။
“ရွာက အိမ်ခြေ ၂၀၀နီးပါးရှိတယ်။ ရွာလယ်ခေါင်က စရှို့တယ်လို့သိရတယ်။ အိမ်ခြေ ဘယ်လောက်ပါသွားလည်းဆိုတာတော့ ပြန်မကြည့် ရဲတော့မသိရဘူး။ အဲဒီရွာနားမှာဘဲ စစ်သားတွေရှိသေးတော့ ဘယ်သူမှပြန်မကြည့်ရဲဘူး” ဟု ၎င်းက ပြောသည်။
ယခုလ အောက်တိုဘာလလယ်မှ စတင်ကာ စစ်ကောင်စီကသည် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ကြိုတင်အသိပေးထားသည့်အတွက် ဥယျာဉ်ကြီး၊ အေးရွာလေး၊ ရုံးချောင်း၊ကွင်းချောင်း၊ သင်္ခရိုင် စသည့်ကျေးရွာများအပါအဝင် ရွာ ခုနှစ်ရွာကျော်မှ ပြည်သူတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြောင်း သိရသည်။
အဆိုပါကျေးရွာများမှ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသည့် ပြည်သူ ၅၀ ဦးထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးအပါအဝင် ငါးဦးထက်မနည်း သတ်ခံထားရကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။



