By Hlaing / MPA
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေ၍ မန္တလေး – ဗန်းမော်လမ်းပိုင်းတွင် ယာဉ်စီးခ ကျပ်သုံးသိန်းထိဖြစ်လာကြောင်း ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေပြီး မန္တလေး – ဗန်းမော်ကားလမ်းပိုင်းကို နှစ်ဖက်တပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားသောကြောင့် ခရီးသည်တင်ကားများမှာ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်ကွင်းလမ်းကိုသာ အသုံးပြုနေရသည်။
“ အရင်ကတော့ ဗျူဟာလမ်းမကြီးကနေမောင်းလို့ရတယ်။ အခုက မန္တလေးကနေ ဗန်းမော်ထိတိုက်ရိုက်သွားလို့မရတော့ဘူး။ ကသာနောက်ကျောကနေပဲ သွားရတာ၊ အင်းတော်ကွင်းလမ်း၊ ကသာကွင်းလမ်းတွေကို အသုံးပြုရတာ၊ လူတစ်ယောက်ကို သုံးသိန်း၊ သုံးသိန်းခွဲဝန်းကျင်ယူကြတယ်” ဟု မန္တလေး – ဗန်းမော်ပြေးဆွဲနေသည့် အသက် ၄၀ အရွယ် ယာဥ်မောင်းတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ရွှေဘို – မြစ်ကြီးနားလမ်းတစ်လျှောက်ရှိ အင်းတော်၊ ကောလင်း၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦးနှင့် ဘုတလင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေ၍ မကြာခဏ လမ်းပိတ်ဆို့မှုများလည်းရှိနေကြောင်း ယာဥ်မောင်းများကဆိုသည်။
“ အထက်ပိုင်းနားက အင်းတော်မြို့ထဲမှာလည်း တိုက်ပွဲတွေပြန်စနေလို့ မြို့အစွန်တွေက ကမ်းနီရွာ၊ ကြိမ်ချောင်းရွာတွေမှာ ကားတွေရပ်ထားရတာ အစီးရေထောင်ချီရှိတယ်။ လေးငါးရက်မက စောင့်ရတာ၊ ကားအောက်တွေမှာအိပ်၊ ဘေးမှာဘဲ ချက်စား၊ အဲ့ဒီလိုနေရတာ၊ မန္တလေးကသယ်လာတဲ့ပစ္စည်းတွေက ဗန်းမော်လည်းရောက်ရော စျေးတွေမြင့်ကုန်တာပဲ” ဟု အမည်မဖော်လိုသည့် အသက် ၄၀ အရွယ် ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။
“ ကျမတို့ ကန့်ဘလူမြို့နယ်ထဲမှာ ကားတွေရပ်ထားရတုန်းက ယမနေရွာနားကို စစ်တပ်က လေယာဥ်နဲ့လာပစ်တာ၊ ယာဥ်မောင်းတစ်ယောက် ဒဏ်ရာနည်းနည်းရသွားတယ်။ တကယ်ဆို သုံးသိန်းဆိုတာကလည်း ကားသမားတွေလည်း အသက်နဲ့ရင်းရတဲ့အထိပဲပေါ့” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည်အမျိုးသမီး မသန္တာက ဆိုသည်။
ထိုကဲ့သို့ ကားလမ်းပိတ်မှုနှင့် ခရီးသွားရက်ရှည်ကြာမှုများကြောင့် ပုပ်သိုးလွယ်သည့်ကုန်စိမ်းများကို သယ်ဆောင်ခြင်းမပြုကြဘဲ ကုန်ခြောက်ပစ္စည်းများကိုသာ လက်ခံ၍ ပို့ဆောင်ပေးနေကြောင်း မန္တလေးမြို့ရှိ ကားဂိတ်များထံမှ သိရသည်။
“ မိတ္ထီလာ၊ မန္တလေးကနေ မြစ်ကြီးနားကိုတက်လာတာ လမ်းမှာ ရှစ်ရက်လောက်ကြာတော့ အိမ်ကစိတ်ပူကော၊ ကားတွေနားခိုင်းပြီဆိုရင်လည်း နားရတယ်၊ ဆက်မသွားရဘူး။ တိုက်ပွဲမဖြစ်ဘဲ ကိုယ့်ရှေ့က ကားပျက်လို့ရှိရင်လည်း လမ်းပိတ်တာပဲ၊ ဖုန်းလိုင်းကလည်း အော်ရီဒူး လောက်ပဲရတာ၊ ဒါတောင် လိုင်းမမိတာကများတယ်” ဟု မိတ္ထီလာမြို့မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုဇော်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇ ရက်တွင် ခရီးသည်တင်ယာဥ်ငယ်များနှင့် ကုန်တင်ယာဥ်ငယ်များကို အင်းတော်မြို့ကွင်းလမ်းမှတဆင့် ဖြတ်သန်းခွင့်ပေးခဲ့သော်လည်း၊ အောက်တိုဘာ ၂၂ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေ၍ အင်းတော်မြို့ဝန်းကျင်အနီးတွင် ကားကြီး၊ ကားငယ်များ ရာနှင့်ချီကာ ပိတ်ဆို့နေသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီနှင့် PDF စစ်ဆေးရေးဂိတ်များ၏ ငွေကြေးကောက်ခံမှု၊ ကားလမ်းအခက်အခဲနှင့် စက်သုံးဆီစျေးသုံးဆခန့်မြင့်တက်လာမှုတို့ကြောင့် ယခုကဲ့သို့ ကားခစျေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ယာဥ်မောင်းများက ဆိုသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီတပ်၏ နဘားလမ်းဆုံစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိတွင်လည်း အင်းတော်မြို့ကို ပိတ်ဆို့ထားသည်။