By Mandy / MPA
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဖားကန့်-ယူမာ-ဆိုင်းတောင်လမ်းပိုင်ကို KIAက တစ်လကျော်ပိတ်ထားရာမှ ပြန်လည်ဖွင့်ပေးခဲ့ပြီး ဒေသခံများကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုပြီဖြစ်ကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ခုနှစ်ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီး KIA၊ PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်ခဲ့မှုကြောင့် စက်တင်ဘာတတိယပပတ်တွင် ဖားကန့်-ယူမာ-ဆိုင်းတောင်လမ်းကို KIA ကပိတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၇ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းလည်းဖြစ်သည်။
“ တိုက်ပွဲဖြစ်ပွားခဲ့တာက ယူမာအထွက် ဆိုင်းတောင်အဝင်နားက ကျောက်သွေးတောင်နားမှာ ဖြစ်တာ၊ တိုက်ပွဲတွေကြောင့် ပြန်နေလို့မရခဲ့တာ အခုမှ နေဖို့ခွင့်ပြုပေးတာပါ၊ ပထမ ဆိုင်းတောင်ရွာဟောင်း ကွင်းလမ်းပဲဖွင့်ပေးတာ အခုန်တော့ အကုန်ပြန်ဖွင့်ပေးပြီ “ ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ငါးရက်တွင် ဆိုင်းတောင်ရွာအနီးရှိ Lucky Men Hotel ကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အရပ်သားပြည်သူများအား ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံ ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် KIA က ညှိနှိုင်းခဲ့သော်လည်း စစ်တပ်ဘက်က လက်မခံသဖြင့် စက်တင်ဘာ ခုနှစ်ရက်တွင် KIA၊ PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်တော့ ဆိုင်းတောင်ကလူတွေ အမတို့အိမ်ကို စစ်ရှောင်လာကြလို့ လက်ခံပြီး အတူနေကြသေးတယ်။ ဆိုင်းတောင်တိုက်ပွဲက ရက်ရှည်လာပြီး လမ်းတွေပိတ်၊ ဖားကန့်မှာလည်း ကောလာဟလတွေကြားလတော့ မနေရဲတော့ဘူး။ တော်ကြာ ကိုယ်ပါဘယ်မှထွက်မရဘဲ ပိတ်မိနေမှာစိုးလို့ အိမ်ကိုပိတ်ပြီး စစ်ရှောင်ရတော့တာ ” ဟု ဖားကန့်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ဆိုင်းတောင်တိုက်ပွဲသည် တစ်လကျော်ကြာမြင့်ခဲ့ပြီး အောက်တိုဘာ ရှစ်ရက်တွင် KIA ၊ PDF ပူးပေါင်းတပ်များက အင်အား ၅၀ခန့်ဖြင့် စစ်တပ်တပ်စွဲထားသော Lucky Men Hotel ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
“လမ်းတွေ ပြန်ဖွင့်ပြီဆိုတော့ ကျောက်သွေးတောင်ရွာနဲ့ ဆိုင်းတောင် ရပ်ကွက်၃၊၄ ပြန်နေလို့ရပြီ၊ ဆိုင်းတောင်ထဲမှာ တိုက်ပွဲမဖြစ်တဲ့ ရပ်ကွက်တွေတော့ ပြန်နေကြတာ ကြာပြီ” ဟု ဆိုင်းတောင် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
အထက်ပါ ဆိုင်းတောင်တိုက်ပွဲ တစ်လကျော်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရသည့်အပြင် ဒေသခံ ၂၀ကျော် သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုများအပြင် မူးယစ်ဆေးဝါးသုံးစွဲထားသူများကို မူးယစ်ဆေးဝါးများပေးပြီး နေအိမ်များကို မီးရှို့ရန် စေခိုင်းခဲ့မှုများကြောင့် ဆိုင်းတောင်ကျေးရွာရှိ ရပ်ကွက် သုံးနှင့် လေးတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၄၃လုံး ပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ ဆိုင်းတောင်-ယူမာလမ်းပိုင်း၊ ဖားကန့်-ဆန်းကြွယ်မှော် နှင့် ဖားကန့်-ရှရော်ခမှော် တို့တွင် KIA နှင့် PDF များက ဂိတ်ဖွင့်လှစ်ပြီး နယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။