By Nway / MPA
စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းရှစ်ဦးအပါအဝင် ၁၂ဦး သေဆုံးပြီး အယောက်၆၀ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ရက်၊ ညနေ ခြောက်နာရီခွဲခန့်တွင် စစ်တပ်သည် MDY PDF ၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ( အောက်တိုဘာ ၂၉ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ရှစ်ဦးနဲ့ ကျတော်တို့ စုံစမ်းစစ်ဆေးနေဆဲ သံသယတရားခံ လေးဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ အများစုကလည်း စစ်သုံ့ပန်းတွေဖြစ်ပါတယ်” ဟု MDY – PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA ကို ပြောသည်။
MDY PDF သည် စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသော်လည်း စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း MDY PDF က ဆိုသည်။
“ မနေ့က လေကြောင်းတိုက်ခိုက်မှုဟာ ကျတော်တို့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့နေရာမှန်း သိလို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ယူဆလို့ရပါတယ်” ဟုကိုအော်စမွန်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကို ဆေးကုသပေးနေကြောင်း လည်း သတင်းထုတ်ပြန်ထားသည်။




