By Bala / MPA
ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံ တော်လှန်ရေးတပ်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အစဉ်တစိုက် ကြိုးစားသွားမည်ဟု BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောသည်။
BPLA သည် အညာဒေသ၌ အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေးနှစ်ပတ်လည်နေ့ဖြစ်သော အောက်တိုဘာ၂၇ရက်တွင် BPLA ကွပ်ကဲရေးမှူး မောင် ဆောင်းခက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှနေ၍ အသိပေးခဲ့သည်။
“ ကျတော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့ အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စား ပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်” ၎င်းက ဆိုသည်။
BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်သော်လည်း အညာဒေသခံတပ်ဖွဲ့များအားလုံး နှင့် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မောင်ဆောင်းခက ဆိုသည်။
“ အညာဒေသရဲ့ တော်လှန်ရေးမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို BPLA အနေနဲ့ NUG / MOD နဲ့ရော အခြား EROS တွေနဲ့ပါ ပေါင်းကူတံတားထိုးပေးရင်း ဗမာလူမျိုးစုတစ်ခုလုံးကို ကိုယ်စားပြုနိင်မည့် ဗမာ့တပ်မတော်သန္ဓေတပ်တွေ စစ်စစ်မှန်မှန်ပေါ်ပေါက်လာဖို့ မျှော်လင့်ကြိုဆိုပါတယ်လို့ မှတ်ချက် ပြုချင်ပါတယ် “ ဟု တို့အညာတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်အညာသား က ပြောသည်။
ကဗျာဆရာမောင်ဆောင်းခ ဦးဆောင်သည့် BPLA တပ်ဖွဲ့သည် ၂၀၂၁အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာသည်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နှင့်အတူ ၁၀၂၇စစ်ဆင်ရေး ပထမပိုင်းနှင့်ဒုတိယပိုင်းတို့တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
BPLA ကို ၂၀၂၁ခုနှစ်၊ ဧပြီ ၁၇ရက် တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌ တည်ထောင်ခဲ့ပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အကူအညီဖြင့် စစ်ရေးလေ့ကျင့်မှုနှင့် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်ခဲ့သည်။
BPLA တပ်ဖွဲ့ဟာ တပ်အင်အားပိုမိုကြီးထွားအောင် ကြိုးစားနေပြီး တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေကြောင်း အောက်တိုဘာ၁၃ရက်တွင် BPLA ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြထားသည်။