By Ra Wai / MPA
လားရှိုးမြို့ပေါ်တွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် မြို့ပြင် ၁၆မိုင်အကွာသို့သွားကာ ဖုန်းပြော နေရကြောင်း သိရသည်။
အောက်တိုဘာ၂၈ရက်မှစတင်ကာ လားရှိုးမြို့ပေါ်၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံလိုက်ရသဖြင့် ဖုန်း လိုင်းရရှိသည့် လားရှိုးမြို့နှင့် ၁၆မိုင်ခန့်ဝေးသော လားရှိုးမြို့နှင့်သိန္နီမြို့ကြား ပန်ဖတ်တံတားအနီး သို့ သွားရောက်ကာ ဖုန်းပြောနေရကြောင်း လားရှိုးမြို့အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးကပြော သည်။
“ဖုန်းလိုင်းပြတ်နေပေမဲ့ ၁၀၂၇စစ်ဆင်ရေး တစ်နှစ်ပြည့် ၂၇ရက်နေ့ကစပြီး အခုအချိန်အထိ လားရှိုးမြို့ဧရိယာအတွင်း ဗုံးကြဲတာ မရှိသေးဘူး” ဟု ၎င်းက MPAသို့ ယနေ့နံနက် ၁၀နာရီခန့်တွင် ပြောသည်။
အောက်တိုဘာ၂၈ရက်မတိုင်ခင်က လားရှိုးမြို့ပေါ်တွင် မိုင်တဲဖုန်းလိုင်း အဓိကရရှိပြီး နေရာအချို့၌ MPT ဖုန်းလိုင်းမိကြောင်း သိရသည်။
ယခင်က လားရှိုးမြို့ခံပြည်သူများကို မြို့ပေါ်အုပ်ချုပ်ရေးတာဝန်ရှိသူများက စတားလင့်ဝိုင်ဖိုင်သုံးစွဲခွင့်ရအောင် အခမဲ့ဝန်ဆောင်မှု ပေးခဲ့သော်လည်း ယခုအခါ မြို့ပေါ်လုံခြုံရေးအ ခြေအနေအရ သုံးခွင့်မပြုတော့ကြောင်း သိရသည်။
“မအလ စစ်တပ်သတင်းပေး ဒလန်တွေကြောင့် ပြည်သူတွေ ပေးမသုံးတော့ဘဲ စစ်ရေး၊ နိုင်ငံရေးအရတာဝန်ရှိသူတွေပဲ လိုအပ်ရင် star link wifi နဲ့ ချိတ်ဆက်အသုံးပြုနေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လားရှိုးမြို့ပေါ်ကို စစ်တပ်က မကြာခဏဗုံးကြဲနေသော်လည်း မြို့ပေါ်ပြည်သူများမှာ အသွားအလာ မပြတ်ရှိနေကြောင်း မြို့ပေါ်ရှိ သက်ကြီးရွယ်အိုနှင့်မိသားစုအချို့သာ နီးစပ်ရာမြို့ပြင်သို့ ပြန်ထွက်ကြ သော်လည်း အများစုမှာ မြို့ပေါ်၌သာ ကြံ့ကြံ့ခံရပ်တည်နေကြကြောင်း သိရသည်။
“မြေပြင်မှာ တိုက်ပွဲ မရှိတော့ဘူးဆိုတော့ လေယာဉ်ဗုံးကြဲတာပဲ ရှိတော့တယ်ဆိုတော့ ကိုယ်ဒေသ ကိုယ် ပြန်လာနေကြတာပါပဲ။လေကြောင်းအန္တရာယ်ကတော့ ဘယ်ဒေသဖြစ်ဖြစ် စိုးရိမ်ရတာဆို တော့ ဖြစ်ခါမှဖြစ်ပဲ၊ ကိုယ့်ဒေသကိုယ်ပြန်လာနေကြတာ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများကြောင့် စစ်ရှောင်သွားသည့် လားရှိုးမြို့ခံများစွာ လားရှိုးမြို့ပေါ်သို့ ပြန်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။