By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲ့ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ် ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၈ ရက်၊ ညရှစ်နာရီမထိုးမီ နွားထိုးကြီးမြို့နယ်တောင်ဘက်ရှိ ထနောင်းပင်လဲ့ကျေး ရွာကို နွားထိုးကြီးမြို့မရဲစခန်းမှ လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ရာ အကြော်ဆိုင်ပေါ်ကျရောက် ပေါက်ကွဲပြီး အကြော်ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သူ မျက်နှာပျက်စီးကာ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ မှာ ၎င်း၏ ခင်ပွန်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ရဲစခန်းကနေ ပစ်တာက ၆နာရီ ၅၀ မှာလည်းတစ်ခါပစ်သေးတယ်။အဲ့ဒါက ကျေးရွာတွေကို မကျတာ။၈နာရီထိုးခါနီးမှ ပစ်တဲ့ သုံးချက်ထဲကမှ အကြော်ဆိုင်တဲပေါ်ကျပြီး လင်မယားနှစ် ယောက်မှာ အမျိုးသမီးက မျက်နှာစုတ်ပြတ်ပြီး သေသွားတယ်။အမျိုးသားကတော့ မသေဘူး၊ ဒဏ်ရာတော့ရတယ်” ဟု နွားထိုးကြီးမြို့ခံတစ်ဦး က MPAသို့ ပြောသည်။
နွားထိုးကြီးမြို့မရဲစခန်းနှင့် ထနောင်းပင်လဲ့ကျေးရွာသည် တစ်မိုင်ခန့်သာ ကွာဝေးကြောင်းသိရသည်။
“ရဲစခန်းထဲမှာလည်း သေနတ်တွေ တောက်လျှောက်ပစ်ဖောက်နေတာ။ နွားထိုးနယ်ထဲမှာတော့ တိုက်ပွဲဖြစ်တာ မနေ့က မရှိပါဘူး” ဟု ၎င်းကဆိုသည်။
အောက်တိုဘာ ၂၇ ရက်၊ ည ၁၀ နာရီကျော်ကလည်း နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မလှိုင်လမ်းပေါ်ရှိ အောင်ပန်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆံပင်ညှပ်ဆိုင်နှင့် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့သေးသည်။
ဩဂုတ်၁၀ရက်တွင် ဒေသတွင်း PDFတို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး စတင်ခဲ့ပြီး ယင်းစစ် ဆင်ရေး စတင်ပြီးနောက် မြင်းခြံခရိုင်အတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်းသိရသည်။