By Blackpanda / MPA
စစ်ကောင်စီ အကောင်အထည်ဖော်မည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူများနှင့် ပြည်သူများက ဝေဖန်မှုများရှိနေသည်။
စစ်ကောင်စီက မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ဒေသတွင်းနိုင်ငံများအကြား စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အရင်းအမြစ်များ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တရုတ်၊ လာအို၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့ကို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများတည်ဆောက်နိုင်ရေးအတွက် “Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို ဆောင်ရွက်နေသည်ဟု စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းက အောက်တိုဘာ ၂၃ရက် ကတရုတ်နိုင်ငံတွင်ကျင်း စွမ်းအင်ဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ မြစ်ဆုံလည်း စာချုပ်ချုပ်လုပ်တယ်။ အဲ့ဒါက တစ်နိုင်ငံထဲ ၊ အခုက နိုင်ငံတွေများတယ် စာချုပ်ချုပ်လုပ်ရမှာဘဲ၊ ဘယ်သူကခေါင်းခံမှာလည်း၊ ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ ဘယ်သူအာမခံမှာလည်း၊ နောက် ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းဘယ်လောက်ထိရမှာလည်းဆိုတာ ပွင့်ပွင့်လင်းလင်းချမပြထားဘူး ´´ဟု ၈၈မျိုးဆက် သဘာဝပတ်ဝန်းကျင်ရေးရာစောင့်ကြည့်လေ့လာသူ ကိုပိုအင်က ပြောသည်။
ထို့ပြင် “Belt and Road Green Energy Cooperation Action Plan (2024-2029)” စီမံကိန်းသည် ပြည်သူ့အကျိုးထွက် စစ်ကောင်စီ အကျိုးအမြတ်ရရှိရေးကို ဦးစားပေးလုပ်ဆောင်မည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် လက်ရှိအချိန်တွင် လုပ်ဆောင်မှုသည် မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။
” အခု သူတို့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းက နိုင်ငံအတွက်၊ ပြည်သူအတွက် ဘယ်လိုမှ အကျိုးမပြုတဲ့ စီမံချက်သာဖြစ်တယ်။ အခုအချိခန်က မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ ပွဲလန့်တုန်းဖျာခင်းတယ်လို့ပဲ ပြောချင်ပါတယ် ” ကိုပိုအင်က MPA သို့ပြောသည်။
အဆိုပါ စီမံကိန်းအား တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများလည်း ပါဝင်မည်ဖြစ်သည့်အတွက် ပြသနာတစ်ခုခုဖြစ်ပေါ်လာပါက မည်သူက တာဝန်ခံမည်ကို အသေးစိတ်သိရှိရခြင်းမရှိကြောင်း ၎င်းက ထောက်ပြသည်။
” ဒီစီမံကိန်းမှာ ပါတဲ့နိုင်ငံတွေက စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကြီးပဲ၊ အဲ့ဒီအပေါ်မှာ ကျတော်တို့အနေနဲ့ စိုးရိမ်မှုတွေရှိတယ်။ ပြီးတော့ တရုတ်က ဦးဆောင်လုပ်မှာဆိုတော့ ပြောချင်တာက ကျတော်တို့နိုင်ငံအတွက် ပြည်သူအတွက် လုပ်တာမဟုတ်ဘူးဆိုတာပါပဲ ” ဟု ကိုပိုအင်က ဆိုသည်။
လက်ရှိ စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းတွင်ပင် လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည့်အပြင် နယ်မြို့များတွင်လည်း လျှပ်စစ်မီးကို လုံလောက်စွာဖြန့်ဝေမှုမရှိဘဲ မီတာခ အဆမတန်ကောက်ခံမှုများရှိနေသည်။
” ဒီစီမံကိန်းက ဘယ်သူတွေအကျိုးရှိမှာလည်း၊ သေချာတာကတော့ ကျတော်တို့ဆီ ပလပ်ထိုး၊ သူများနိုင်ငံ မီးလင်းဆိုတဲ့ စီမံကိန်းပဲ ဖြစ်မှာ ” ဟု တနင်္သာရီတိုင်း ၊ ထားဝယ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာနေသူ တစ်ဦးက“ ပြောချင်တာက အခုချိန်မှာ လုပ်တာကတော့ ပြည်သူတွေ သိမှာလည်းမဟုတ်ဘူး။ သိအောင်လည်း ကြေညာပေးမှာမဟုတ်ဘူး။ ပြီးတော့ သူတို့စတင်အကောင်အထည်ဖော်ရင် လုပ်ပိုင်ခွင့်ရမှာ ဘယ်သူတွေလည်း၊ သူတို့နဲ့ သိတဲ့ လူတစ်စုပဲ လုပ်ပိုင်ခွင့်ရမှာ၊ ဒီစီမံကိန်းက ပြည်သူ့အပေါ် ဂုတ်သွေးစုပ်တဲ့စီမံကိန်းတစ်ခုသာဖြစ်တယ်´´ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီအနေဖြင့် လေအားလျှပ်စစ်စီမံကိန်း ၁၈ခု ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၂၆၀ ထွက်ရှိမည်ဟု ရုရှားခရီးစဉ်တစ်ခုတွင် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးက ပြောကြားထားသော်လည်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀ဖြန့်ဖြူးပေးနိုင်ခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများကို သုံးဆနီးပါးတိုးကောက်ရန်အတွက် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပုံမှန်မရခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေမှုမပြုလုပ်နိုင်ခြင်းသည် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားသည်။