By Sayar Ngaat / MPA
ကချင်လွတ်မြောက်ရေးတပ်တော် (KIA) က ဖမ်းဆီးထားသည့် သတင်းထောက်နှစ်ဦး ရက်နှစ်ဆယ်ကျော်ကြာပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ (အောက်တိုလာလ ၂၇ရက်)၊ နေ့လယ် ၁၂နာရီက လွတ်မြောက်ခဲ့ကြောင်း ကိုနောင်ရိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
“ ဒီနေ့ (အောက်တိုဘာလ ၂၇ရက်) ၊ နေ့လယ် ၁၂နာရီမှာ ကျတော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” ဟု ကိုနောင်ရိုးက ရေးသားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် Jade Garden စားသောက်ဆိုင်တွင် ပိတ်မိနေသည့်ဝန်ထမ်းများကို KIA အထက်အရာရှိကြီးများ၏စေခိုင်းချက်အရဟုဆိုကာ လူခိုးထုတ်ကယ်ယူခဲ့သည့်အကြောင်းကို ကိုဝေလင်းမောင်က ရေးသားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက MPA သို့ပြောကြားခဲ့သည်။
ထိုကဲ့သို့ ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့ကို KIA က ဖမ်းဆီးထားမှုသည် ရှေ့တန်းရဲဘော်များက မေးမြန်းစရာရှိသည့်အတွက် ဖမ်းဆီးခဲ့သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဝန်ခံခဲ့ပြီးနောက် သတင်းမီဒီယာ အဖွဲ့အစည်းများက ယင်းလုပ်ရပ်သည် အာဏာရှင်များလုပ်ဆောင်သည့် လုပ်ဆောင်ချက်များဖြစ်သည်ဟု ဝန်ဖေမှုများလည်း ထွက်ပေါ်ခဲ့သည်။
အဆိုပါ သတင်းထောက်နှစ်ဦးသည် သတင်းကျင့်ဝတ်နှင့် အညီ သတင်းရေးသားကြနေသဖြင့် အမြန်ဆုံးလွှတ်ပေးရန်အတွက် ကချင့်လွတ်လပ်ရေးတပ်မတော် KIAကို လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး IMJAက ၂၀၂၄ခုနှစ်၊အောက်တိုဘာလ၂၃ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့သေးသည်။
“ အဲဒီသတင်းထောက်နှစ်ယောက်နဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရသေးဘူး။ ဖားကန့်ရဲ့ အင်တာနက် အခြေ အနေကလည်းသိတဲ့အတိုင်းပဲ၊ IMJA အနေနဲ့သူတို့နဲ့ ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခုအခြေအနေမှာ ပြန်လည်လွတ်မြောက်လာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ KIA ကိုလည်းကျေးဇူးတင်ပါတယ်” ဟု IMJA ဒုတိယ ဥက္ကဌ ကိုနိုင်ကပြောသည်။
ယခုကဲ့သို့ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးသည်ဟုမြင်မိပြီး KIA၏အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းနှင့် IMJA မှ တောင်းဆိုထားသည့်အတိုင်း ပိုမိုကောင်းမွန်သည့် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန် မီဒီယာအသိုက်အဝန်းနှင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကိုနိုင်ကဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များကို စစ်ကောင်စီတပ်အပြင် အခြားအဖွဲ့အစည်းများမှ ဖမ်းဆီးမှုများရှိနေသဖြင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန်လိုအပ်ကြောင်း အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောသည်။
“ သတင်းထောက်တွေမှာ သတင်းလွတ်လပ်ခွင့်ရှိရပါမယ်။ ဒါမှဘဲ ပြည်သူတွေဆီကို သတင်းအမှန်တွေ ပေးပို့နိုင်မှာပါ၊ အခုဆိုရင် စစ်တပ်တင်မကဘူး တခြားအဖွဲ့စည်းတွေကပါ သတင်းထောက်တွေကို ဖမ်းဆီးနေတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် သတင်းထောက်တွေအတွက် သတင်းလွတ်လပ်ခွင့်ကိစ္စကို ကာကွယ်ပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ စတင်ကာ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရကာ၊ သတင်းထောက် ခုနစ်ဦး သေဆုံးခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ သတင်းသမား ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ယင်းတို့အနက် ၅၂ ဦး အကျဉ်းချခံထားရဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် သတင်း ထောက်များ၏ အချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Detained Journalists Information Myanmar၏ စာရင်းများအရသိရသည်။