By Zwe Ko / MPA
ပဲခူးတိုင်း အနောက်ခြမ်းရှိ အုတ်ဖို၊ ကြို့ပင်ကောက်နှင့် ဇီးကုန်းမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ လေးဦးထက်မနည်း သတ်ဖြတ်ခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၃ရက်မှ စတင်ကာ စစ်ကောင်စီသည် အင်အား ၁၀၀ကျော်ဖြင့် အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြိုန့ယ်အစပ်ရှိ ကန့်နီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၃၇လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲလေး မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ရဲဘော်အောင်ဇျေယျက ပြောသည်။
“ ဘော်ပင်တိုက်၊ ကန့်နီ၊ တံငါးကုန်ရွာ အဲဒီရွာက ပြည်သူတွေထွက်ပြေးနေရတယ်။ အဖမ်းခံရတာတွေလည်းရှိတယ်၊ ပြည်သူ သုံးယောက်လောက် အသတ်ခံရတယ်လို့ ကြားတယ် အတည်ပြုလို့မရသေးဘူး။ အခု အဲ့ဒီစစ်ကြောင်းက ကြို့ပင်ကောက်ဘက် ဆက်ထိုးနေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၂၃ ရက်နေ့တွင်ပင် စစ်ကောင်စီက အင်အား ၁၀၀ကျော်ဖြင့် ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာသို့ စစ်ကြောင်းထိုးခဲ့ခြင်းကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ အင်တာနက်တွေ၊ ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ စစ်ကြောင်းကတော့ ရွာမှ မရှိတော့ဘူး။ ကြို့ပင်ကောက်ဘက် တက်သွားတယ်။ လေယာဉ်အန္တရာယ်ကြောက်လို့ ရွာသားတွေတော့ နေရပ်မပြန်ရဲသေးဘူး “ ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုသည် ကြိုပင်ကောက်မြို့တွင် အင်အားပြန်လည်ပေါင်းပြီးနောက် အောက်တိုဘာ ၂၄ရက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုနေသည့်အတွက် တော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့မှ တပ်ခွဲမှူး တေဇမင်းက ပြောသည်။
“ ၂၄ရက်နေ့ကနေ ၂၆ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ခဏခဏဖြစ်တယ်။ မိုင်းဆွဲခံရတာတွေကော၊ စစ်တပ်ဘက်ကအကျအဆုံးများတယ်။ ရဟတ်ယာဉ်တွေနဲ့ ပြန်သယ်သွားရတဲ့အထိပဲ၊ ကျတော်တို့ ဘက်ကလည်း ဒရုန်းထိတဲ့ ရဲဘော်တွေရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး။ စစ်ကြောင်းက နှစ်ကြောင်းဆိုတော့ အဖွဲ့ခွဲတိုက်နေရတယ်။ ရန်သူဘက်ကလည်း ဒရုန်းတွေပါသုံးလာတော့ ကျတော်တို့ စိုးမိုးထားတဲ့ ရွာငါးရွာလောက် ဆုတ်ပေးခဲ့ရတယ်။ ပိတ်မိနေတဲ့ပြည်သူတွေလည်းရှိတယ်” ဟု တပ်ခွဲမှူး တေဇမင်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက ပဲခူးရိုးမ အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့်အတွက် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်း၊ ကွင်းချောင်းဥယျာဉ်ကြီးစသည့် ရွာအပါအဝင် ရွာငါးရွာထက်မနည်း ကြိုတင်တိမ်းရှောင်ရန် အသိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ -၆ Black Dragon GBK PDF တပ်ခွဲမှူး ရိုးမနဂါးကပြောသည်။
“ မြို့ပေါ်ရှောင်သွားတဲ့သူတွေလည်းရှိတယ်။ ကျတော်တို့နဲ့ ပါလာတဲ့ ပြည်သူတွေလည်းရှိတယ်။ ပါလာတဲ့ ပြည်သူ တချို့လည်း ကြောက်နေတယ်။ ပြန်ချင်နေကြတာ၊ ပြန်လို့မဖြစ်ဘူး စစ်တပ်က တွေ့ရင်ပစ်သတ်မှာလေ၊ ရုံးချောင်းက ကောင်လေးတစ်ယောက်ဆို တိုက်ပွဲစဖြစ်တဲ့နေ့က သူတို့အနားကနေ ဆိုင်ကယ်ဖြတ်မောင်းတာ ပစ်သတ်ခံလိုက်ရတယ်။ ၂၆ရက်နေ့ကလည်း ဥယျာဉ်ကြီးရွာက သုံးယောက် ပစ်သတ်ခံရတယ်။ အဲ့ဒီအထဲမှာ စိတ်မနှံ့တဲ့သူတစ်ယောက်ပါတယ် “ ဟု တပ်ခွဲမှူး ရိုးမနဂါးက ပြောသည်။
ပဲခူးရိုးမအတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းမမြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးများဖြစ်ပြီး အောက်တိုဘာ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ထိုကဲ့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို တပ်ရင်း ၃၈၀၂၊ ၃၈၀၁မှ တော်လှန်ရေးရဲဘော်များနှင့် နယ်မြေခံ တော်လှန်ရေးရဲဘော်များ ပူးပေါင်း တိုက်ခိုက်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်က လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် တစ်ဦး၊ ဗိုလ်ကြီးအဆင့် တစ်ဦး၊ ရဲအုပ်ဆင့် တစ်ဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် ၂၀ကျော် သေဆုံးပြီး သုံ့ပန်း ၁၀ဦးဖမ်းဆီးရရှိခဲ့သေးသည်။